ဆီအုန်းအများဆုံး စိုက်ပျိုးသည့် တနင်္သာရီနှင့် ကော့သောင်းမြို့နယ်များမှ ဆီအုန်း (၄၇၅၄) ဧကအား ပုဂ္ဂလိကသို့ငှားရမ်းသွားမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် နိုင်ငံပိုင်သတင်းစာမှတဆင့် တင်ဒါခေါ်ယူထားသည်။
ငှားရမ်းသွားမည့် ဧကသည် တနင်္သာရီမြို့နယ်၌ ဆီအုန်းပင်အို ဧရိယာ ဧက(၂၀၀၀)နှင့် ကော့သောင်းမြို့နယ်၌ ဆီအုန်းပင်အို ဧရိယာ (၂၇၅၄) ဧက စုစုပေါင်း (၄၇၅၄) ဧက ဖြစ်သည်။
အဆိုပါ ဆီအုန်းစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းကို စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့်တင်ဒါပုံစံကို ဖေဖော်ဝါရီ (၃) ရက်မှ (၁၄)ရက်အတွင်း နေပြည်တော်ရှိ စိုက်ပျိုးရေးဦးစီးဌာနတွင် ရောင်းချပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီ (၁၇) ရက် မွန်းလွဲ (၁) နာရီတွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းစိုက်ဧက (၄)သိန်းကျော် ရှိကာ အရွယ်ရောက်ပြီး ဆီအုန်းစိုက်ခင်း တစ်ဧကလျင် ပျမ်းမျှ ဆီသီးခိုင် (၄)တန် ခန့် ရရှိပြီး ဆီသီးခိုင် တစ်တန်မှ ဆီကြမ်း(၀ ဒသမ ၂၂)တန်ထွက်ရှိသဖြင့် စိုက်ဧက(၄)သိန်း အပြည့် သီးခိုင်ထုတ်ယူနိုင်ပါက ဆီကြမ်းတန်ချိန် (၃၅၀၀၀၀) ကျော် ထုတ်လုပ်နိုင်မည်ဖြစ်၍ ပြည်တွင်း စားအုန်းဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။