နေပြည်တော်၊ စက်တင်ဘာ ၁၁
မြေဆီလွှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအခြေပြု တောင်သူတစ်ပိုင်တစ်နိုင် နည်းလမ်းများနှင့် စီးပွားဖြစ် ဇီဝမီးသွေး (Biochar) ထုတ်လုပ်သည့် နည်းလမ်းများဖြင့် စပါးခွံမီးသွေး ထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားလာစေရေး ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက တိုက်တွန်းပြောကြားသည်။
စက်တင်ဘာ ၁၀ ရက်က ကျင်းပသည့် “မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝမီးသွေး အသုံးပြုခြင်း” ခေါင်းစဉ်ဖြင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရေရှည်တည်တံ့ခိုင်မြဲသည့် မြေဆီလွှာပြုပြင်ရေး အစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် တောင်သူများက ကျေးရွာအခြေပြု တစ်ပိုင်တစ်နိုင် နည်းလမ်းများဖြင့် စပါးခွံမီးသွေး ထုတ်လုပ်နိုင်သကဲ့သို့ ဆန်စက်ပိုင်ရှင်များကလည်း စက်ရုံများတည်ထောင်၍ စီးပွားဖြစ် ဇီဝမီးသွေး ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ဒုတိယဝန်ကြီးက တိုက်တွန်းခဲ့သည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ သုတေသီများနှင့် တောင်သူများအပါအဝင် ၁၂၃ ဦး တက်ရောက်ခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူ ၁၄၇ ဦးက Zoom Point ၁၀၆ ခုမှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
