စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှုတွင် ကားလမ်းအစား ရေကြောင်းလမ်းကို ပိုမိုအသုံးပြုလာကြပြီး မန္တလေးမြို့ဘက်၌ ဂေါဝိန်ဆိပ်ကမ်းကို အဓိကအသုံးပြုနေကြကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်စိမ်းနှင့် ဟင်းသီးဟင်းရွက်များကို မန္တလေးမြို့သို့ သယ်ယူရာတွင်လည်းကောင်း၊ မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် အခွန်လွတ်ဈေးများမှ ကုန်စိမ်း၊ သားငါးနှင့် စားသောက်ကုန်များကို စစ်ကိုင်းမြို့သို့ ပြန်လည်ပို့ဆောင်ရာတွင်လည်းကောင်း ယခင်ကဲ့သို့ ကားလမ်းမှ တိုက်ရိုက်သယ်ယူခြင်း မပြုတော့ဘဲ ဧရာဝတီမြစ်ကို ဖြတ်ကျော်သည့် ရေကြောင်းလမ်းကို ပြောင်းလဲအသုံးပြုလာကြခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှုအတွက် စစ်ကိုင်းတံတားသစ် (ရတနာပုံတံတား) ကို အဓိကအသုံးပြုခဲ့ကြသော်လည်း နောက်ပိုင်းတွင် တံတားဖြတ်သန်းသွားလာရာ၌ အခက်အခဲများ ဖြစ်ပေါ်လာသဖြင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးကိုသာ အဓိကထား အသုံးပြုလာကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မန္တလေးမြို့ အနောက်ဘက်အဝင် ရေကြောင်းဂိတ်ဖြစ်သည့် ဂေါဝိန်ဆိပ်ကမ်းသည် ၄၁ လမ်း ကုန်စိမ်းတန်းညဈေးနှင့် သီရိမာလာကုန်စိမ်းလက်ကားဈေးတို့အနီးတွင် တည်ရှိနေသဖြင့် ကုန်စည်ဖြန့်ဖြူးရေးအတွက် အဆင်ပြေသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်းလည်း ဒေသခံကုန်သည်များက သုံးသပ်ပြောဆိုနေကြသည်။
Photo credit – Myanmar Digital News ပုံဟောင်းဖြစ်သည်။