ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံများသည် ဖလမ်းမြို့အား တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ထားပြီးဖြစ်သဖြင့် ယနေ့ မေ ၂၂ ရက်တွင် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ကြရာ တာဝန်ရှိသူများက လမ်းဆုံထီးရိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
လက်ရှိအချိန်တွင် လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက ဖလမ်းမြို့ သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဗိုလ်ချုပ်လမ်းမတစ်လျှောက် ထီးရိပ်မှ တလန်လိုရပ်ကွက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအထိ လမ်းဘေးဝဲယာရှိ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် နေအိမ်မျက်နှာစာများ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
