ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် မန္တ လေးငလျင်ကြီးဒဏ်သင့်ဒေသများနှင့် ငလျင်ဒဏ်သင့်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ပြုလုပ်သည့် ဒုတိယအကြိမ်မြောက်အလှူငွေပေးအပ်ပွဲတွင် လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
အလှူငွေပေးအပ်ပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ အလှူရှင်များမှပေးအပ်လှူဒါန်းသည့် အလှူငွေများကိုလက်ခံရယူခဲ့သည်။
ဒုတိယအကြိမ်မြောက်အလှူငွေပေးအပ်ပွဲတွင် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အိမ်ခန်း(၁၆)ခန်းပါ (၄)ခန်းတွဲ (၄)ထပ်တိုက်အဆောက်အဦတစ်လုံးလျင် ငွေကျပ်သိန်း(၂၀၀၀၀)နှုန်းဖြင့် အလုံးပေါင်း(၅၁)လုံးအပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ်(၁၃၁ ဒသမ ၅၃)ဘီလီယံနှင့် အမေရိကန်ဒေါ်လာ(၂၃၁၄၉၀၀)သန်းကို လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
အခမ်းအနားတွင် နစကဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် ” မိမိတို့မြန်မာလူမျိုးတွေဟာ ကိုယ်ချင်းစာတရားကြီးမားကြသူတွေဖြစ်ပြီး ဆင်းရဲဒုက္ခကိုထပ်တူ ထပ်မျှခံစားပြီး အမြဲရိုင်းပင်းကူညီတတ်ကြသူတွေဖြစ်ပါတယ်။ ဒါ့အပြင် အလှူအတန်းမှာလည်း ရက်ရက်ရောရောပေးကမ်းလှူဒါန်းလေ့ရှိသူတွေဖြစ်ပါတယ်။ အခုလို ပြည်တွင်းပြည်ပကနေ အားတက် သရောထောက်ပံ့လှူဒါန်းပေးကြတဲ့ စေတနာရှင်တွေ အလှူရှင်နိုင်ငံတွေ အဖွဲ့အစည်းတွေ တစ်ဦးချင်းလူပုဂ္ဂိုလ်တွေအားလုံးနဲ့ ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်မှုတွေဟာ နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ် များစွာအထောက်အကူဖြစ်စေပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထိုသို့ ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်မှုများ သည် ချစ်ကြည်ရင်းနှီးမှုနှင့် ဘေးသင့်သူများအတွက် စိတ်ခွန်အားများကိုပါရရှိစေခဲ့သဖြင့် အလှူရှင်များအားလုံးကို နိုင်ငံတော်နှင့် ငလျင်ဘေးသင့်သူများကိုယ်စား ကျေးဇူးတင်ဂုဏ်ယူသည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။
ထို့ပြင် ဧပြီ ၁ ရက်ကကျင်းပသည့် ပထမအကြိမ်အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ပြည်တွင်းပြည်ပစေတနာရှင်၊ အလှူရှင်များက ငွေကျပ်(၁၁၂ ဒသမ ၈၇)ဘီလီယံ၊ အလှူပစ္စည်းတန်ဖိုး (၁၂ ဒသမ ၄)ဘီလီယံ(စုစုပေါင်းငွေကျပ် ၁၂၅ ဒသမ ၂၇ ဘီလီယံ)လှူဒါန်းခဲ့ကြသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။