မန္တလေးငလျင်ကြီးဒဏ်သင့် ရှမ်းပြည်နယ်၊ အင်းလေးဒေသရှိ အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၃ ရက်နှင့် ၁၄ ရက်တို့ကပေးဝေခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်၊ အင်းလေးကျေးဒေသရှိ နန်းသဲအုပ်စု၊ အိုင်ထောင့်ကြီး၊ ရှေ့၀ကြီး၊ မြောင်း၀ကြီး၊ ကြေးစားကုန်းမြောက်၊ ကြေးစားအောက်၊ ကြေးစားတောင်၊ ရေသာရွာ၊ မင်းချောင်းလယ်၊ မင်းချောင်းရှေ့၊ ပွဲစားကုန်းရွာ၊ နွားဓမတောင်၊ ခေါင်တိုင်၊ အင်းပြင်ကျေးရွာ၊ လွယ်အံကျေးရွာအုပ်စု၊ အရှေ့ကျောက်တန်း၊ နန်းပန်ရွာ၊ ကလောမြို့ရှိ ရပ်ကွက် (၁၁)ရပ်ကွက်နှင့် အောင်ပန်းမြို့ရှိ ရေချိုကျေးရွာ၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄၊ မိုးကောင်း၊ ရွာငံစု၊ ညောင်ပင်ထောက်၊ မင်္ဂလာရပ်ကွက် ၁၊ မင်္ဂလာရပ်ကွက် ၂ နှင့် လှည်းရိုးတို့မှ ငလျင်ဒဏ်သင့်အိမ်ထောင်စု(၇၈၉)စုအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၅၀,၀၀၀)စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကလောမြို့နှင့် အောင်ပန်းမြို့တို့၌ ပြည်တွင်း/ပြည်ပမှအလှူရှင်များပေးပို့လှူဒါန်းထားသည့် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နှင့် ဓာတ်ဆားထုပ်များ၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသတွင် ဆန်၊ ခေါက်ဆွဲနှင့် ဓာတ်ဆားတို့ကိုလည်း ပေးဝေခဲ့ကြကြောင်း သိရသည်။
ထို့အတူ ယင်းဒေသရှိ ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်စေရန်နှင့် ကြောက်ရွံ့ထိတ်လန့်မှုများသက်သာစေရန် ကလေးငယ်များအား အားပေးစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာများနှင့် ကလေးပျော်စင်တာကိုပါဖွင့်လှစ်ခဲ့ကြောင်း သိရသည်။