အင်္ဂပူ၊ဇူလိုင်-၂၂
ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် အင်္ဂပူမြို့နယ်၊ ကညင်ရေလှောင်တမံတွင် ဆောင်ရွက်နေသည့် ၁၀.၅ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါစက်ရုံတွင် ၃.၅ မဂ္ဂါဝပ်ထွက်ရှိမည့် တာဘိုင်သုံးလုံးဖြင့် တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ သန်းကျော် ထုတ်လုပ်ရန် လျာထားသည်။
မိုးရာသီတွင် စက်စွမ်းအားပြည့် လည်ပတ်မည်ဖြစ်ပြီး နွေရာသီတွင် စိုက်ပျိုးရေ လိုအပ်ချက်ပေါ်မူတည်၍ လျှပ်စစ်ထုတ်လုပ်သွားမည်ဖြစ်သည်။
စီမံကိန်းပြီးစီးပါက အမျိုးသားဓာတ်အားကွန်ရက်မှတစ်ဆင့် လစဉ် ယူနစ် ၁၀၀ သုံးစွဲသည့် အိမ်ထောင်စုပေါင်း ၁၀,၅၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။
ယင်းစီမံကိန်းသည် စိုက်ပျိုးရေပေးဝေရုံသာမက ဒေသတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကိုပါ အဓိကဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
