ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ၂၀၂၇ ခုနှစ်အတွက် ဆက်ကပ်လှူဒါန်းချီးမြှင့်မည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအား ထိုင်းနိုင်ငံရှိ ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ကိုက်ညီသော ရဟန်းတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ လျှောက်ထားနိုင်ကြောင်း မြန်မာသံရုံး(ဗန်ကောက်မြို့)က ဇွန် ၁၂ ရက်တွင် အသိပေးကြေညာထားသည်။
အဆိုပါ ဘွဲ့တံဆိပ်တော်များမှာ သာသနာပြုလုပ်ငန်းများတွင် ထူးချွန်စွာ ဆောင်ရွက်နေသော ဂန္ထဓုရ၊ ဝိပဿနာဓုရ၊ ပရိယတ္တိ၊ ပဋိပတ္တိဝန်ဆောင် ဆရာတော်ကြီးများ၊ ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ်များနှင့် ဗုဒ္ဓသာသနာတော်အား ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းနေသူများအား နှစ်စဉ် ဆက်ကပ်ချီးမြှင့်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
လျှောက်ထားနိုင်သည့် ဘွဲ့တံဆိပ်တော်များတွင် အဘိဓဇအဂ္ဂမဟာသန္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကစရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ စသည့် ဘွဲ့တံဆိပ်တော်များ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လျှောက်ထားသူများအနေဖြင့် သက်ဆိုင်ရာ လျှောက်လွှာပုံစံများ၊ ဓာတ်ပုံများနှင့် ထေရုပတ္တိ သို့မဟုတ် အတ္ထုပ္ပတ္တိများ ပူးတွဲတင်ပြရမည်ဖြစ်ပြီး လျှောက်လွှာများကို မြန်မာသံရုံး၊ ဗန်ကောက်မြို့သို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လျှောက်လွှာပုံစံများ ရယူလိုခြင်းနှင့် အသေးစိတ် စုံစမ်းလိုသည်များရှိပါက မြန်မာသံရုံး (ဗန်ကောက်မြို့) ၏ အီးမေးလ် [email protected] မှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။
