ယခုနှစ်တွင် ယခင်နှစ်ထက် ခရီးသွားဝင်ရောက်မှု နှစ်ဆတိုးရန် ခန့်မှန်း
၂၀၂၆ ခုနှစ် ပထမ (၃) လပတ်အတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ခရီးသွားဧည့်သည် (၉) သောင်းနီးပါး ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်မြို့ UMFCCI၌ ကျင်းပသည့်”Airlines & Tourism Indus try Forum” အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ထည့်သွင်းပြောကြားခဲ့သည်။
ယခုနှစ် ပထမ (၃) လအတွင်း ဧည့်သည် ဝင်ရောက်မှုနှုန်းအရ ၂၀၂၆ ခုနှစ်ကုန်မှာ ခရီးသွားအရေအတွက်သည် ယခင်နှစ်ထက် နှစ်ဆနီးပါးအထိ တိုးတက်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဆိုသည်။
ထို့အပြင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လေကြောင်းချိတ်ဆက်မှု (Air Connectivity)သည် အဓိကကျသည့်အတွက် လေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ်များ တိုးချဲ့ပျံသန်းပေးရန်နှင့် နိုင် ငံတကာဈေးကွက်ကို ပူးပေါင်းထိုးဖောက်ရန် တိုက်တွန်းသည်။
အလားတူ ပြည်ပခရီးသွား ပိုမိုဝင်ရောက် လာစေရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး ပြည်ဝင်ဗီဇာ ဖြေလျော့ပေးမည့် နိုင်ငံများကို ထပ်မံတိုးချဲ့သွားရန်ရှိကြောင်း ထည့်သွင်းဆွေးနွေးပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်းလေကြောင်းကဏ္ဍကောင်းမွန်စေရန် လက်ရှိတွင် မြန်မာနိုင်ငံရှိ လေဆိပ် (၈) ခုကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ပေးနေကြောင်းနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပခဲ့သည့် နိုင်ငံတကာခရီးသွားပြပွဲ၌ MAI လေကြောင်းလိုင်းနှင့် ပူးပေါင်းပြီး အောင်မြင်စွာ ပြသနိုင်ခဲ့သလို၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းရှင်များကြား မဟာဗျူဟာမြောက် ချိတ်ဆက်ပြီး မြန်မာ့ခရီးသွားကဏ္ဍကို အရှိန်အဟုန်နဲ့ မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
