၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်သီးနှံတစ်မျိုးဖြစ်သော ပဲတီစိမ်းကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လကုန်အထိ ပြည်ပသို့ ပဲတီစိမ်းတန်ချိန် ၃၅၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁၅ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
မြန်မာ့ပဲတီစိမ်းများကို တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂျပန်နှင့် ဥရောပနိုင်ငံအချို့သို့ တင်ပို့ခဲ့ရာ စုစုပေါင်းတင်ပို့မှုပမာဏ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်းကလည်း ပဲတီစိမ်းတန်ချိန် ၆ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၂၅ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
ပဲတီစိမ်းသည် မြန်မာနိုင်ငံ၏ အဓိက စိုက်ပျိုးတင်ပို့သည့် ပဲမျိုးစုံထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပြည်ပဈေးကွက်တွင် ဝယ်လိုအား ဆက်လက်မြင့်တက်နေကြောင်း လုပ်ငန်းရှင်များက ပြောကြားထားသည်။
