ပေကျင်း၊ မေ ၁၂ ရက်
လွန်ခဲ့သောတစ်နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အခွန်တိုးမြှင့်ကောက်ခံမှုများဖြင့် ၎င်း၏အဓိကစီးပွားရေးပြိုင်ဘက် တရုတ်နိုင်ငံကို ဒူးထောက်စေမည်ဟု ဟောကိန်းထုတ်ခဲ့ဖူးသည်။
သို့သော် ယခု ရက်သတ္တပတ် တရုတ်နိုင်ငံသို့ သွားရောက်ချိန်တွင်မူ ထိုရည်မှန်းချက်မှာ တရားရုံးဆုံးဖြတ်ချက်များကြောင့် မှေးမှိန်သွားခဲ့ရပြီး ပဲမျိုးစုံ၊ အမဲသားနှင့် ဘိုးရင်း လေယာဉ်အရောင်းအဝယ် အနည်းငယ်ရရှိရေးနှင့် လူထုထောက်ခံမှုကျဆင်းနေသော အီရန်စစ်ပွဲကို အဆုံးသတ်ရန် တရုတ်၏အကူအညီရယူရေးဟူသော ပန်းတိုင်သာ ကျန်ရှိတော့ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
မေလ ၁၄ ရက် နေ့မှ ၁၅ ရက် နေ့အထိ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့် ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်နည်းပါးနေခြင်းမှာ ထရမ့်ပ်၏ ပြင်းထန်သောချဉ်းကပ်မှုပုံစံသည် ဆွေးနွေးပွဲမတိုင်မီ အသာစီးရအောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းကို ပြသနေသည်။ “ထရမ့်ပ်က တရုတ်ကို ပိုပြီးလိုအပ်နေတာပါ” ဟု ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ အလီဟန်ဒရို ရေးယက်စ် က ဆိုသည်။ “သူ့အနေနဲ့ ကမ္ဘာ့နိုင်ငံရေးကို ဖျက်ဆီးနေသူမဟုတ်ဘဲ တည်ငြိမ်အောင် လုပ်ဆောင်နိုင်သူဖြစ်ကြောင်း ပြသဖို့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အောင်မြင်မှုတစ်ခု လိုအပ်နေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထရမ့်ပ်သည် ပြည်တွင်း၌ သွင်းကုန်အခွန်များနှင့်ပတ်သက်၍ တရားရုံးတွင် ရင်ဆိုင်နေရသကဲ့သို့ အီရန်စစ်ပွဲကြောင့်လည်း လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ တွင် လူထုထောက်ခံမှုနှုန်း ကျဆင်းနေသည်။ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံသည် အမေရိက အပေါ် စီးပွားရေးအရ ဖိအားပေးနိုင်မည့် နည်းလမ်းများကို တိတ်တဆိတ် အားကောင်းအောင် ပြင်ဆင်ထားပြီးဖြစ်သည်။
ယခုခရီးစဉ်တွင် တက်စလာ အကြီးအကဲ အီလွန်မတ်စ်နှင့် အက်ပဲလ် အကြီးအကဲ တင်မ်ကွတ်တို့ ပါဝင်လာမည်ဖြစ်သော်လည်း ၂၀၁၇ ခုနှစ်ကထက် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဝင် အရေအတွက်သည် ပိုနည်းပါးသွားသည်။ ထရမ့်ပ်အနေဖြင့် ကုန်သွယ်ရေးအပြင် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုနှင့် ထောင်ကျနေသော မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် အရေးကိုလည်း ဆွေးနွေးမည်ဟု ဆိုသည်။
လက်ရှိတွင် ထရမ့်ပ်သည် တရုတ်နိုင်ငံက အီရန်ကို ဖြောင်းဖျပေးရန် လိုလားလျက်ရှိပြီး တရုတ်သည် အီရန်နှင့် ရင်းနှီးသောဆက်ဆံရေးရှိပြီး အီရန်ရေနံကို အဓိကဝယ်ယူနေသူဖြစ်သည်။
သို့သော် တရုတ်အစိုးရဘက်ကလည်း အပြန်အလှန်အားဖြင့် ထိုင်ဝမ်အရေးတွင် အမေရိက၏ ရပ်တည်ချက်ကို ရှင်းလင်းပြတ်သားရန် တောင်းဆိုဖွယ်ရှိသည်။
အမေရိကန်ပြည်သူ ၅၃ ရာခိုင်နှုန်းခန့်က တရုတ်နှင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရန် လိုလားနေကြသဖြင့် ဆက်ဆံရေးကို တည်ငြိမ်အောင် ထိန်းထားနိုင်ရုံဖြင့် ထရမ့်ပ် အတွက် အောင်မြင်မှုဟု ဆိုနိုင်သည်။ သို့သော် ဝါရှင်တန်အခြေစိုက် CSIS အဖွဲ့မှ စကော့ ကနေဒီ ကမူ ယခုဆွေးနွေးပွဲရလဒ်သည် “တရုတ်အတွက်သာ အသာစီးရစေမည့် အပေါ်ယံ အပစ်အခတ်ရပ်စဲရေး” မျှသာ ဖြစ်လိမ့်မည်ဟု သုံးသပ်ထားသည်။
Ref: ရိုက်တာ