ဧရာဝတီတိုင်းရှိ ဧရာဝတီမြစ်ရေကာတာနှင့် ငဝန်ရေ ကာတာများနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့အားတိုက်တွန်းသည့်အဆိုကို ဇွန် ၂၂ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ဦးကျော်ဝင်းနိုင် လေးမျက်နှာ(၁)က “ဧရာဝတီတိုင်းအတွင်းဧရာဝတီမြစ်ရေကာတာနှင့် ငဝန်ရေကာတာများကို မိုးရာသီရေကြီးမြင့်၍ ရေကာတာများမကျိုးပေါက်စေရေးအတွက် တာတမံများကြံ့ခိုင်မှုကောင်းမွန်စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အားတိုက်တွန်းကြောင်း”အဆိုကိုတင်သွင်းထားခဲ့ကြောင်း သိရသည်။
ယင်း အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးကထောက်ခံဆွေးနွေးခဲ့ကြပြီး တိုင်းအစိုးရအဖွဲ့ (ကိုယ်စား) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးဦးကျော်မျိုးတင်ကလည်း လွှတ်တော်တွင်အတည်ပြုသင့်သည်ဟုဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ လွှတ်တော်တွင်အတည်ပြုသင့်ကြောင်းကို အဆိုရှင်မှလည်း သဘောတူသဖြင့် အဆိုကို လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။
