ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ဧပြီလ (၃၀)ရက်မှ မေလ (၇)ရက်အထိ တစ်ပတ်အတွင်း ငလျင် (၉)ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
ယင်းသို့ ငလျင်လှုပ်ခတ်ခဲ့မှုများနှင့်ပတ်သတ်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းမှ “သက်ဆိုင်ရာဌာနတွေအနေနဲ့တော့ ငလျင်နဲ့ပတ်သက်ပြီး စီမံထားတာတွေရှိပါတယ်။ ငလျင်နဲ့ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်တွေ၊ပညာပေးလုပ်ငန်းတွေ ကြေညာထားတာရှိတယ်၊ အဲ့ဒီဟာလေတွေကိုသိအောင်တော့ လေ့လာထားသင့်ပါတယ် ၊ ဒါပေမယ့် တကယ်လက်တွေ လှုပ်တော့လည်း ကျွန်တော်တို့မလုပ်ဖြစ်ဘူးဗျ ။ ငလျင်လှုပ်တော့လည်း အကုန်လုံး အပြင်ပဲ ပြေးထွက်ကြတာပါပဲ ၊ အဓိကအနေနဲ့ ကျွန်တော်အကြံပြုချင်တာကတော့ ဘာဘဲဖြစ်ဖြစ် ငလျင်မှ မဟုတ်ဘူး၊ ဘေးအန္တရာယ်တစ်ခုဖြစ်လာရင် အရမ်းမကြောက်သွားဘဲနဲ့သတိကြီးကြီးလေးနဲ့ ရင်ဆိုင်ပါလို့ အဲ့ဒါပဲ ပြောချင်ပါတယ်။ ရေရှည်အစီအစဉ်ကတော့သက်ဆိုင်ရာဌာနကိုမေးမြန်းတာပိုကောင်းပါလိမ့်မယ်” ဟု ပြောသည်။
ငလျင်နှင့် ပတ်သက်သည့် အသိပညာပေးဟောပြောဆွေးနွေးမှုများကို သဘာဝဘေးစီမံခန့်ခွဲရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ ငလျင်ဆက်တိုက်လှုပ်ခတ်နေမှုနှင့်ပတ်သက်ပြီး “ငလျင်ကတော့ တောက်လျှောက်လှုပ်နေတယ်ပေါ့နော်၊ အဲ့အတွက်လည်း ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေကိုလည်းအဆင်သင့်ပြင်ဆင်ထားပါတယ် ၊ အသိပညာပေးပွဲတွေက ကျွန်တော်တို့လုပ်ထားတာတွေရှိပါတယ်၊ ဌာနဆိုင်ရာတွေ ကျောင်းတွေ မှာ ဟောပြောပွဲတွေလုပ်ခဲ့ပါတယ်။ ငလျင်ဆိုတာကတော့ ခန့်မှန်းလို့မရတဲ့သဘာဝဘေးတစ်ခုပါ ၊ ကျွန်တော်တို့လည်းပြည်သူတွေနဲ့အတူ ခံစားနေရပါတယ်။ ကျွန်တော်အထင်ပြောရရင်တော့ ငလျင်အသေးလေးတွေ လာတဲ့အတွက် ငလျင်ကြီး လာဖို့မရှိဘူးလို့ ကျွန်တော်အမြင်အရတော့ထင်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း သတိလေးနဲ့နေဖို့ရယ်၊ ငလျင်နဲ့ပတ်သက်ပြီး ပညာပေးတွေကို လေ့လာဖို့ရယ် ပြောချင်ပါတယ်။ နောက်ရက်တွေမှာလည်း ငလျင်နဲ့ပတ်သက်တဲ့ပညာပေးတွေကို သဘာဝဘေးစီမံခန့်ခွဲရေးဌာနတွေနဲ့ ပူးပေါင်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု မအူပင်မြို့နယ် မီးသတ်ဦးစီးမှူး က ပြောသည်။
မအူပင်မြို့တွင် ယမန်နေ့ မေလ (၆)ရက်နေ့ ည (၁၁)နာရီကျော်အချိန်က ငလျင်ငယ်တစ်ခုလှုပ်ခတ်သွားသေးကြောင်းလည်း သိရသည်။
