မေလ ၁၁ ရက်
သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ယခု ရက်သတ္တပတ်အတွင်း သွားရောက်မည့် ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်တွင် လိုက်ပါရန် တက်စလာ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်၊ အက်ပဲလ် အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်၊
ဘလက်ရော့ခ်အမှုဆောင်အရာရှိချုပ် လာရီဖင့်နှင့် ဘိုးရင်း အမှုဆောင်အရာရှိချုပ် ကယ်လီအော့တ်ဘာ့ဂ် အပါအဝင် အမေရိကန်၏ အကြီးဆုံးကုမ္ပဏီအချို့မှ အမှုဆောင်အရာရှိများကို ဖိတ်ကြားထားကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့် ထရမ့်ပ်၏ ကိုယ်စားလှယ်အဖွဲ့တွင် Blackstone မှ စတီဖင်ရှဝါ့ဇ်မန်း၊ Cargill မှ ဘရိုင်ယန်ဆိုက်စ်၊ Citigroup မှ ဂျိန်းဖရေဇာ၊ Coherent မှ ဂျင်မ်အန်ဒါဆန်၊ GE Aerospace မှ အိတ်ချ် လောရင့်စ် ကပ်လ် ဂျူနီယာ၊ Goldman Sachs မှ ဒေးဗစ်ဆိုလိုမွန်၊ Illumina မှ ဂျေကော့ဘ် သေဆန်၊ Mastercard မှ မိုက်ကယ်မီဘတ်ချ်၊ Meta Platforms အမှုဆောင် ဒီနာပိုဝဲလ် မက်ကောမစ်၊ Micron Technology မှ ဆန်ဂျေး မဲလ်ဟိုထရာ၊ Qualcomm မှ ခရစ်စတီယာနို အေမွန် နှင့် Visa မှ ရိုင်ယန် မက်အင်နာနေးတို့လည်း ပါဝင်ရန် မျှော်လင့်ရကြောင်း၊ စာရင်းကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေး ကြောင်း အမည်မဖော်လိုသည့် အဆိုပါအရာရှိက ပြောကြားခဲ့သည်။
Cisco အမှုဆောင်အရာရှိချုပ် ချပ်ခ်ရော်ဘင်စ်ကို အိမ်ဖြူတော်က ဖိတ်ကြားသော်လည်း ကုမ္ပဏီ၏ အမြတ်ဝေစု အစီအစဉ်များကြောင့် မတက်ရောက်နိုင်ကြောင်း အဆိုပါကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထရမ့်ပ်သည် ယခုခရီးစဉ်အတွင်း ပေကျင်းနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက်များနှင့် ဝယ်ယူမှု သဘောတူစာချုပ်များကို ချုပ်ဆိုနိုင်ရန် မျှော်လင့်ထားသည်။ ထိပ်သီးအစည်းအဝေး အစီအစဉ်တွင် ကုန်သွယ်ရေး၊ ဥာဏ်ရည်တု ၊ ပို့ကုန်ထိန်းချုပ်မှု၊ ထိုင်ဝမ်နှင့် အီရန်စစ်ပွဲ အကြောင်းအရာများ ပါဝင်မည်ဟု ခန့်မှန်းရပြီး နှစ်ဖက်စလုံးသည် တင်းမာမှုများ မြင့်တက်နေသည့် သီတင်းပတ်များအပြီးတွင် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းဖြစ်သည်။
ထူးခြားစွာ ပျက်ကွက်သူမှာ Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆင်ဟွမ် ဖြစ်ပြီး ၎င်းက ပြီးခဲ့သည့်အပတ် CNBC နှင့် အင်တာဗျူးတွင် “သမ္မတ ဆုံးဖြတ်သမျှကို ထုတ်ပြန်ပါစေ၊ အကယ်၍ ဖိတ်ကြားခံရပါက အမေရိကန်ကို ကိုယ်စားပြုခွင့်ရခြင်းမှာ ဂုဏ်ယူစရာဖြစ်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။ General Motors၊ Disney နှင့် Alphabet တို့သည်လည်း တရုတ်နိုင်ငံတွင် စီးပွားရေးအကျိုးအမြတ်များ ရှိသော်လည်း တက်ရောက်မည့် အမှုဆောင်စာရင်းတွင် အိမ်ဖြူတော်က ထည့်သွင်းဖော်ပြခြင်း မရှိကြောင်းသိရသည်။
သောကြာနေ့က Citigroup ၏ ဖရေဇာက CNBC သို့ ပြောကြားရာတွင် စီးပွားရေးအင်အားကြီး နှစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှု မြင်တွေ့ရခြင်းမှာ အလွန်အရေးကြီးပြီး ထိုသို့သော ဆက်ဆံမှုများ ဖြစ်ပေါ်နေရန် အားလုံးက လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: စီအင်န်ဘီစီ
