အားပျော့သော လာနီညာအခြေအနေများကြောင့် ဖေဖော်ဝါရီ (၂၁) ရက်နောက်ပိုင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသများ၊ ဖေဖော်ဝါရီ (၂၄) ရက်၊ နောက်ပိုင်း ရှမ်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် တိမ်ဖုံးအုပ်မှုပိုမိုလာပြီး အပူချိန်ငွေ့ရည်ဖွဲ့အမှတ် နီးစပ်သည့်အခါ မိုးအနည်းငယ် ရွာနိုင်မည်ဟု ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်းပြောဆိုချက်အရ သိရသည်။
အားပျော့သော လာနီညာအခြေအနေဆက်လက်ဖြစ်ပေါ်နေခြင်း၊ အရှေ့မြောက် မုတ်သုံလေအားကောင်းလျက်ရှိခြင်းနှင့် “အိန္ဒိယနီညို” ဟုခေါ်သော Indian Ocean Dipole Positive to Neutral ကူပြောင်းလျှက်ရှိသည့်အခြေအနေစသည်တို့ကြောင့် ဖေဖော်ဝါရီ (၂၁) ရက် နောက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ဖေဖော်ဝါရီ (၂၄) ရက်၊ နောက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် တိမ်ဖုံးအုပ်မှုပိုမိုလာပြီး အပူချိန်ငွေ့ရည်ဖွဲ့အမှတ် နီးစပ်သည့်အခါ မိုးအ နည်းငယ် ရွာသွန်းနိုင်ပြီး အများဆုံးရွာသွန်းနိုင်သည့် မိုးရေချိန် ရာခိုင်နှုန်းမှာ (၁၀) မီလီမီတာ မှ (၁၅) မီလီမီတာခန့်ရှိနိုင်ကြောင်း သိရသည်။
အဆိုပါ အားပျော့သည့် လာနီညာအခြေအနေဖြစ်ပေါ်နေခြင်းမှာ ၂၀၂၅ ခုနှစ် မတ်လမှ မေလအတွင်း ကြားနေ ရာသီဥတု(Neutral)သို့ ကူးပြောင်းနိုင်မည့် အခြေအနေ ၆၆% ရှိကြောင်းကိုလည်း NOAA-Climate Prediction Center -CPC မှ ဖေဖော်ဝါရီ (၁၈) ရက်က ကြိုတင်ခန့်မှန်းချက်အသစ်ထုတ်ပြန်ထားခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်း အခြေအနေမှာ ပုံမှန်သာရှိနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
