အာရှအမျိုးသမီး ယူ-၁၇ ဖလားပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ထိုင်း ယူ-၁၇ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၁)ဂိုး ဂိုးမရှိဖြင့် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် ထိုင်းအသင်းသည် ပထမပိုင်း၌ ရရှိခဲ့သည့် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲပြီးဆုံးသည်အထိ ထိန်းကစားသွားနိုင်ခဲ့ခြင်း ဖြစ်သည်ကိူတွေ့ရသည်။
မြန်မာအသင်းအနေဖြင့် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးအတွက် အနည်း ဆုံး သရေတစ်မှတ်ရရှိရန်ကြိုးစားကစားခဲ့သော်လည်းထိုင်းအသင်းကို ထိရောက်စွာ ဖိအားမပေးနိုင်ဘဲ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
မြန်မာ ယူ-၁၇ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်နှင့် ယခုပွဲစဉ်အပါအဝင် နှစ်ပွဲဆက် ရှုံးနိမ့်ထားခြင်းကြောင့် ကွာတားဖိုင်နယ်တက်ရောက်နိုင်ရန် မျှော်လင့်ချက်များစွာမှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း အကောင်းဆုံး အုပ်စုတတိယနေရာ ရရှိရေးအတွက် အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်သည့် ဗီယက်နမ်နှင့်ပွဲစဉ်တွင် မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်နေပြီ ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လာမည့် မေလ (၇) ရက်၊ မြန် မာစံတော်ချိန် ည (၇) နာရီတွင် ဗီယက်နမ်အမျိုးသမီး ယူ-၁၇ အသင်းနှင့် ဆက် လက်ယှဉ်ပြိုင်ကစားသွားရမည် ဖြစ် သည်။
