ပေကျင်း၊ဖေဖော်ဝါရီ ၁၉
အာဆီယံအလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူထားသည့် မလေးရှား၏ ဆောင်ရွက်မှုများကို တရုတ်ကထောက်ခံအားပေးလျက်ရှိပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ကာ အကျိုးရှိသည့်ရလဒ်များကို ရရှိရန် မလေးရှားနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က တရုတ်နိုင်ငံသည် အာဆီယံ၏ အရေးပါဆုံးစီးပွားရေးမိတ်ဖက်အဖြစ် နှစ်ပေါင်းများစွာတည်ရှိခဲ့ပြီး ယင်းဆက်ဆံရေးသည် ဒေသတွင်းတည်ငြိမ်ရေး၏ အခြေခံအုတ်မြစ်အဖြစ် ဆက်လက်တည်ရှိနေမည်ဟုလည်းပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက ခိုင်မာသည့်စီးပွားရေးမူဘောင်များဖော်ဆောင်ရန်နှင့် အားလုံးအတွက် ပိုမိုမျှတပြီး ရေရှည်တည်တံ့သည့် အနာဂတ်အတွက် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဟုလည်းကတိပြုခဲ့သည်။
တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားမှုများနှင့်ပတ်သက်၍မူ အန်နဝါက ပင်လယ်တွင်းကျင့်ဝတ်ဆိုင်ရာညှိနှိုင်းဆွေးနွေးမှုများကို မြန်မြန်အပြီးသတ်သင့်ကာ နိုင်ငံပေါင်းစုံကြား သံတမန်ရေးအရ တိုးတက်မှုရှိသင့်သည်ဟုလည်းပြောကြားခဲ့သည်။
“အာရှပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နှင့်အာဆီယံဟာ အဓိကကျတဲ့အင်အားစုတွေပါပဲ” ဟုလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ
