အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပြည်သူချင်းထိတွေ့ဆက်ဆံမှုများကို မြှင့်တင်ပေးရေးနှင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးများကို အထောက်အကူပြုသည့် လုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီဆောင်ရွက်ရန်ရည်ရွယ်၍ အာဆီယံ – တရုတ် ခရီးသွားလုပ်ငန်းဘေးကင်းလုံခြုံရေးဖိုရမ်နှင့် ခရီးသွားလာမှုလွယ်ကူချောမွေ့စေရေး နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းအင်းများ တပြေးညီဖြစ်စေရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အာဆီယံ-တရုတ် ဗဟိုဌာန နှင့် လန်ချန်း-မဲခေါင် ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနတို့ ပူးပေါင်း၍ ရန်ကုန်မြို့တွင် ဩဂုတ်(၂၅)ရက်က ကျင်းပခဲ့သည်။
ယခု ဖိုရမ်မှတဆင့် အတွေးအမြင်များ၊ ဗဟုသုတများနှင့် ဆန်းသစ်သောဖြေရှင်းနည်းများကို ဖလှယ်ခြင်းဖြင့် လက် တွေ့ကျသော မဟာဗျူဟာများကိုချမှတ်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ခရီးသွားများနှင့် ခရီးသွားလုပ်ငန်းကို အကာ အကွယ်ပေးမည့် ထိရောက်သော ဖြေရှင်းနည်းများကို ဖော်ဆောင်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံမှပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အာဆီယံ-တရုတ်ဗဟိုဌာနမှ အတွင်းရေးမှူးချုပ် Mr. Shi Zhongjun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ဒဂုံခန်းမ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်နေမှုအခြေအနေများ၊ နှစ်နိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ခရီးသွားများ အပြန်အလှန်သွားလာလည်ပတ်နေမှု အခြေအနေများ၊ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများအား ဆက်လက်အကောင်အထည်ဖော်ရေး၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
