၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်တွင် အကျိုးခံစားခွင့်ရရှိနိုင်ရန် အသက်(၈၅)နှစ်ပြည့်ပြီးသော သက်ကြီးပုဂ္ဂိုလ်များအား စာရင်းပေးသွင်းကြရန် လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။
၁၉၄၁ ခုနှစ်၊ ဧပြီလ ၁ ရက် (၁၃၀၂ ခုနှစ်၊ တန်ခူး လဆန်း ၆ ရက်) မတိုင်မီ မွေးဖွားခဲ့သူများသည် လူမှုရေးပင်စင်အစီအစဉ်တွင် အကျိုးခံစားခွင့်ရရှိနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ သို့မဟုတ် နီးစပ်ရာ လူမှုဝန်ထမ်းရုံးများတွင် ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
အကျိုးခံစားခွင့်ရှိသူများအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ၃ လပတ် ၂ ကြိမ်ဖြင့် ၆ လစာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ်မှစတင်ကာ ဖုန်းသို့ငွေလွှဲစနစ်ဖြင့် ထောက်ပံ့သွားမည်ဖြစ်သဖြင့် လက်ခံရယူလိုသည့် ငွေလွှဲဝန်ဆောင်မှုများကို မိမိတို့၏ လက်ကိုင်ဖုန်းများတွင် ကြိုတင်ဖွင့်လှစ်ထားကြရန်လည်း အသိပေးထားသည်။
လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန Help Line ဖုန်းနံပါတ် 1566 နှင့် 09-889900033 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
