အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ စနေနေ့က ကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် တရုတ်၊ ရုရှား၊ အီရန်နှင့် အိန္ဒိယတို့အပါအဝင် BRICS အဖွဲ့ဝင်နိုင်ငံများက အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းအပေါ် စိုးရိမ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ကာ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်က အရှေ့အလယ်ပိုင်းစစ်ပွဲသည် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားအတွက် အထောက်အကူမပြုကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများဖြင့် စတင်ခဲ့သည့် စစ်ပွဲနှင့်ပတ်သက်၍ အီရန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့အကြား သဘောထားကွဲလွဲမှုများရှိခဲ့သဖြင့် မေလက နယူးဒေလီ၌ ကျင်းပသည့် BRICS နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပေ။
သို့သော် အိမ်ရှင်အိန္ဒိယ၏ သံတမန်ရေးကြိုးပမ်းမှုများအပြီး ယခုထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များက ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။
ပူးတွဲကြေညာချက်တွင် အရှေ့အလယ်ပိုင်း သို့မဟုတ် အနောက်အာရှဒေသ၌ တင်းမာမှုများ ဆက်လက်မြင့်တက်နေခြင်းအပေါ် အလွန်စိုးရိမ်ကြောင်း ဖော်ပြထားပြီး သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အတတ်နိုင်ဆုံး ချုပ်တည်းကြရန်နှင့် အခြေအနေကို ပိုမိုဆိုးရွားစေနိုင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။
နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေး၏ အဖွင့်မိန့်ခွန်းတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက လက်ရှိအခွင့်ထူးခံ ပိရမစ်ပုံစံ ကမ္ဘာ့ဖွဲ့စည်းပုံကို မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအခြေပြု ပလက်ဖောင်းတစ်ခုအဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
BRICS နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ဂျီဒီပီ၏ ၄၀ ရာခိုင်နှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုထားကြောင်းလည်း မိုဒီက ပြောကြားခဲ့သည်။
Ref: Thai PBS World
