အရေးပေါ်ကုသမှုသင်တန်းများကို ပါမောက္ခများ ဦးဆောင်၍ နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့်အညီ လက်တွေ့အခြေပြု သင်ကြားပေးနေဟု ကျန်းမာရေးဝန်ကြီး ပြန်လည်ဖြေကြား
နေပြည်တော်၊ ဇူလိုင် ၂၁
ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ်ပြုစုစောင့်ရှောက်မှု အရည်အသွေးမြင့်မားလာစေရန် တိုက်နယ်ဆရာဝန်များနှင့် မြို့နယ်ဆရာဝန်များအား Emergency Care Training နှင့် Basic Life Support (BLS) သင်တန်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိကို တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းနိုင်က မေးမြန်းခဲ့ကြောင်း သိရသည်။
ကိုယ်စားလှယ်က ပြည်သူလူထု၏ အရေးပေါ်တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အရေးပေါ်လူနာများ၏ အသက်ရှင်နှုန်း တိုးတက်လာနိုင်ပြီး ယာဉ်မတော်တဆမှုများနှင့် အခြားအရေးပေါ်အခြေအနေများတွင်လည်း ထိရောက်စွာ ကူညီနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ယင်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်နှင့် သူနာပြုများ၏ အရေးပေါ်ကုသရေးစွမ်းရည် မြှင့်တင်နိုင်ရန်နှင့် အသက်အန္တရာယ်ရှိသည့် အရေးပေါ်အခြေအနေများတွင် စံချိန်စံညွှန်းနှင့်အညီ အချိန်မီကုသပေးနိုင်ရန် ရည်ရွယ်၍ Emergency Care Training နှင့် Basic Life Support (BLS) သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်နှင့် ဘားအံမြို့တို့တွင် အထူးအစီအစဉ်ဖြင့် သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း ဆက်လက်တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါသင်တန်းများမှတစ်ဆင့် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကိုလည်း အဆင့်ဆင့် ဖွင့်လှစ်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
အရေးပေါ်ကုသရေးသင်တန်းများသည် စာတွေ့သာမက လက်တွေ့ကျွမ်းကျင်မှုကို အဓိကလိုအပ်သည့် သင်တန်းများဖြစ်သဖြင့် အရည်အသွေးမြင့်မားစေရေးအတွက် ဆေးတက္ကသိုလ်များရှိ အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခများက ဦးဆောင်သင်ကြားပေးလျက်ရှိပြီး သင်ကြားရေးအထောက်အကူပြုပစ္စည်းများ အပြည့်အစုံဖြင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပေးနေကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့သည်။