အမြန်လမ်းမဘေးရှိ တရားမဝင်စားသောက်ဆိုင်များနှင့် အဆောက်အဦးများကို အမြန်လမ်းမကြီးဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ သြဂုတ် ၄ ရက်နေ့လည်ပိုင်းက မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျ-က်စီးမှုအချို့ဖြစ်ပေါ်ခဲ့သော ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ပြုပြင်ထိန်းသိမ်းနေမှုများကိုကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၉၄ ရှိ ရေထွက်ပေါက်နေရာ ပြန်လည်ပြုပြင်နေမှုကိုကြည့်ရှုစစ်ဆေးပြီး အမြန်လမ်းမကြီးဘေးတစ်လျှောက်ရှိ တရားမဝင်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် အဆောက်အဦးများကို အမြန်လမ်းမကြီးဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားသည်။
အမြန်လမ်းပေါ်တက်ရောက်ရန် တရားမဝင် လမ်းများဖောက်လုပ်ထားမှုမရှိစေရေး၊ အမြန်လမ်းမပေါ်တက်ရောက်မည့် သတ်မှတ်ထားသောလမ်းများကို အမြန်လမ်မကြီး ဥပဒေ၊ သတ်မှတ်စည်းမျဉ်းစည်း ကမ်းများအတိုင်းဖောက်လုပ်ရေးအတွက် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ၄ လမ်းသွား နိုင်လွန်ကတ္တရာခင်း၍ အဆင့်မြှင့်တင်ရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဆွာချောင်းတံတားပြန်လည်တည်ဆောက်နေမှုကိုကြည့် ရှုစစ်ဆေးပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်၊ ဆွာချောင်းကမ်းထိန်းလုပ်ငန်းများနှင့် ရေလမ်းကြောင်းကောင်းမွန်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။
