အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏သားဖြစ်သူ ဟန့်တာဘိုင်ဒင်ကိုဖခင်ဖြစ်သူမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းက “သမ္မတ၏သားသည် ဥပဒေအထက်တွင် ရှိနေခြင်းဖြစ်သည်မှာ ထင်ရှားနေကြောင်း” အီလွန်မတ်စ်က သူ၏ X လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၁ ရက်နေ့က အိမ်ဖြူတော်မှ ထုတ်ပြန်သော ဂျိုးဘိုင်ဒင်၏ ရေးသားဖော်ပြချက်အရ၊ သူသည် ရာဇ၀တ်မှုနှစ်ခုအတွက် သီးခြားတရားစွဲဆိုထားသည့် သားဖြစ်သူ ဟန့်တာဘိုင်ဒင်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပြုချက်၏မိတ္တူအရ ၎င်းသည် “ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်” ဖြစ်သည်၊
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ကို ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပြန်လည်ရုပ်သိမ်း၍မရကြောင်း သိရသည်။
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ၏ အသွင်ကူးပြောင်းရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဘိုင်ဒင်၏ လွတ်ငြိမ်းချမ်းသာခွင့်ကြေညာချက်အပေါ် မှတ်ချက်ပေးရန် သတင်းဌာနများ၏ တောင်းဆိုမှုကို ယင်းအဖွဲက ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ဟန့်တာဘိုင်ဒင်သည် အခွန်ရှောင်မှု၊ မူးယစ်နေချိန်တွင် လက်နက်ကိုင်ဆောင်မှုတိုကြောင့် တရားစွဲဆိုခြင်းခံခဲ့ရခြင်းဖြစ်သည်။
