အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသများသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၃ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။
မေ ၂၄ ရက် မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
ထို့ပြင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
လက်ရှိတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများအပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မိုးတိမ်တောင်များ ရွေ့လျားရာလမ်းကြောင်းတစ်လျှောက်တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးဇလက အသိပေးထားသည်။
