MAI ကလည်း ဇူလိုင် ၁၈ ရက်မှစတင်၍ ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဥ်ပျံသန်းပြေးဆွဲမည်
ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သော မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်ကိုအခြေပြုပြီး လေကြောင်းလိုင်း(၄)လိုင်းက ရန်ကုန်မြို့နှင့် နေပြည်တော်တို့အပါအဝင် မြို့ကြီးများသို့ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၊ မင်္ဂလာလေ ကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်းနှင့် မန်းရတ နာပုံလေကြောင်းလိုင်းတို့က စတင်ဖွင့်လှစ်သည့်နေ့မှစ ၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနေ့များတွင် ရန်ကုန်မြို့၊ နေပြည်တော်၊ မန္တလေးမြို့၊ ရှမ်းပြည် နယ်ရှိ တာချီလိတ်၊ ဟဲဟိုးမြို့များသို့တိုက်ရိုက်ခရီးစဉ်များအဖြစ်ပုံမှန်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက လေဆိပ်ဖွင့်လှစ်သည့်နေ့၌ ရန်ကုန်-ဟဲဟိုး-အနီးစခန်း-နေပြည် တော်-ရန်ကုန်ခရီးစဉ်နှင့် မင်္ဂလာလေကြောင်းလိုင်းက ရန်ကုန်-တာချီလိတ်-အနီးစခန်း-ရန်ကုန်ခရီးစဉ်တို့ကိုစတင်ပျံသန်းပြေးဆွဲပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ MAI လေကြောင်းလိုင်းကလည်း ဇူလိုင် ၁၈ ရက်မှစ၍ ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
