အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်အတွက် နိုင်ငံတော်အဆင့် မိုးရာသီ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲ၌ ပြောကြားခဲ့သည်။
သစ်တောနှင့် သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားလုံးပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက “နိုင်ငံတော် သာယာဖွံ့ဖြိုးရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောနှင့် သစ်ပင်အခြေပြု အစိမ်းရောင်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ တက်ရောက်လာသူများက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ လျော့ပါးစေရေးကို ရည်ရွယ်၍ အပင်အမျိုးအစား (၁၄) မျိုးမှ ပျိုးပင်စုစုပေါင်း (၃,၀၀၀) ကို စိုက်ပျိုးခဲ့ကြသည်။
ယင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ခရေ၊ ပန်းမယ်ဇလီ၊ စိန်ပန်း၊ ပျဉ်းမ၊ ပိတောက်၊ ယင်းမာ၊ ကျွန်း၊ ပျဉ်းကတိုး၊ တမလန်း၊ မဟော်ဂနီ၊ စည်သပြေ၊ ရေတမာနှင့် ယမနေတို့အပါအဝင် အပင်အမျိုးအစား (၁၄) မျိုးကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
