ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ရွေးချယ်ခန့်အပ်ရေး စာမေးပွဲတွင် အကြီးစားလိမ်လည်မှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါခန့်အပ်ရေးလုပ်ငန်းစဉ်ကို ပယ်ဖျက်ရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်သည် ဇွန် ၂၅ ရက် နံနက်ပိုင်းက အစိုးရအိမ်တော်၌ အကြီးတန်းတာဝန်ရှိသူများနှင့် တွေ့ဆုံကာ စာမေးပွဲလိမ်လည်မှုအရှုပ်တော်ပုံကို ဆွေးနွေးခဲ့ပြီး စာမေးပွဲကျင်းပပုံ လုပ်ငန်းစဉ်မှာ ဥပဒေနှင့်မညီညွတ်သဖြင့် ထုတ်ပြန်ထားသည့် အောင်စာရင်းကို ပြန်လည်ရုပ်သိမ်းရမည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က ထိုင်းပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဒေသန္တရအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ၆,၆၆၉ ဦး ခန့်အပ်ရန် စာမေးပွဲကျင်းပခဲ့သည်။
သို့သော် ဇွန် ၂၃ ရက်တွင် နွန်သဘူရီခရိုင်၌ အာဏာပိုင်များက ဝင်ရောက်စီးနင်းရှာဖွေရာ စာမေးပွဲအဖြေလွှာ ၃,၀၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး အောင်စာရင်းများ ပြောင်းလဲပြင်ဆင်မှုနှင့် ပတ်သက်၍ သံသယရှိသူအများအပြားကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှ လူသစ်ခန့်အပ်ရေးလုပ်ငန်းစဉ်ကို ပြန်လည်စိစစ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့၏ အဆိုအရ စာမေးပွဲအောင်မြင်စေရန် ဖြေဆိုသူတစ်ဦးလျှင် ဘတ်ငွေ ၃၅၀,၀၀၀ မှ ၈၀၀,၀၀၀ အထိ ပေးဆောင်ခဲ့ရပြီး ခန့်အပ်မည့်ရာထူးများမှာ လစဉ်လစာ ဘတ် ၁၅,၀၀၀ ခန့်သာ ရရှိသည့် ဝင်ခွင့်အဆင့် ရာထူးများဖြစ်ကြောင်း သိရသည်။
“ဒီလိုနည်းလမ်းနဲ့ ရွေးချယ်ခံထားရသူတွေဟာ အရည်အချင်းအပေါ် အခြေခံပြီး ရွေးချယ်ခံထားရသူတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ ခန့်အပ်မှုကို ကျွန်တော် လက်မခံနိုင်ပါဘူး” ဟု ဝန်ကြီးချုပ် အနုတင်က ပြောကြားခဲ့သည်။
၎င်းက ယင်းလုပ်ရပ်သည် နိုင်ငံတော်၏ အုပ်ချုပ်ရေးစနစ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေပြီး အစိုးရဝန်ထမ်းများ၏ အသက်မွေးဝမ်းကျောင်းကို အကျင့်ပျက်ခြစားမှုဖြင့် စတင်စေသည့် အလွန်အန္တရာယ်ရှိသော ကိစ္စရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အမှုတွင် ပါဝင်ပတ်သက်သူအားလုံးကို ရာထူးအဆင့်မခွဲခြားဘဲ စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးပြီး ဥပဒေအရ ထိရောက်စွာ အရေးယူရန် ညွှန်ကြားထားကြောင်းနှင့် ဒေသန္တရအုပ်ချုပ်ရေးဦးစီးဌာနမှ ပါဝင်ပတ်သက်သည်ဟု သံသယရှိသော အရာရှိများကိုလည်း အမြန်ဆုံး ရာထူးပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းစာမေးပွဲကို ဒေသန္တရအုပ်ချုပ်ရေးဦးစီးဌာနက သီရိနခရင်ဝီရတ်တက္ကသိုလ်အား တာဝန်ပေးကျင်းပစေခဲ့ခြင်းဖြစ်ပြီး အဖြေလွှာများ ထိန်းသိမ်းရန်လည်း တက္ကသိုလ်က တာဝန်ယူထားသည်။ လက်ရှိတွင် တက္ကသိုလ်ဘက်က အမှုကို စုံစမ်းစစ်ဆေးရန် ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး အစိုးရစုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Ref: Bangkok Post
