ရေနှင့်စားသုံးဆီကဲ့သို့ ထိန်းချုပ်အစားအသောက်များအား အထူးဂရုပြုစစ်ဆေးကြရန် အသိပေး
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မေ ၂၇ ရက် နေ့လယ် ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက မိမိတို့ဒေသအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းအစီအမံများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က လိုအပ်ချက်များအား ဖြည့်ဆည်းပံ့ပိုးပေးခဲ့ပြီး ဒေသဆိုင်ရာတာဝန်ခံများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ရေနှင့်စားသုံးဆီကဲ့သို့ ထိန်းချုပ်အစားအသောက်များအား အထူးဂရုပြုစစ်ဆေးကြရန်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ရက်(၁၀၀)အတွင်း ဓာတ်ခွဲခန်းများ၏ စစ်ဆေးနိုင်မှု Parameter များ တိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ရုံးချုပ်မှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စီမံထားရှိကြောင်း သိရပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးများကလည်း လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
