ကျောင်းသား (၇.၂၇၅) သန်းကျော် ကျောင်းအပ်နှံထားပြီး အမှန်တကယ်တက်ရောက်မှု (၉၈.၆၅) ရာခိုင်နှုန်းရှိ
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းပေါင်း (၅၁,၀၀၀)ကျော်အနက် ကျောင်းပေါင်း (၃၅,၀၀၀)ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိသည့် ကျောင်း (၃၀)ရာခိုင်နှုန်းကို ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနတို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ဇွန် ၃၀ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာ၌ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာခိုင်ခိုင်စိုးက ပြီးခဲ့သည့် သုံးနှစ်မှ လေးနှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကျောင်းအများအပြား ပိတ်ထားခဲ့ရပြီး လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ကျောင်းသားများ ကျောင်းမတက်ရောက်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း ကလေးများအနက် အချို့မှာ ကိုယ်တိုင်လေ့လာသင်ယူခြင်း (Self Study) အပါအဝင် အခြားနည်းလမ်းများဖြင့် ပညာရေးကို ဆက်လက်သင်ယူနေကြကြောင်း ပြောကြားသည်။
ယင်းကြောင့် ကျောင်းသားများ၏ အသက်အရွယ်နှင့် ပညာသင်အတန်း မကိုက်ညီသည့် အခြေအနေများ ဖြစ်ပေါ်လာသဖြင့် Placement Test စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ရာ စာရင်းသွင်းသူ (၁၆၀,၀၀၀)ကျော်ရှိပြီး ဝင်ရောက်ဖြေဆိုသူ (၁၄၀,၀၀၀)ကျော်ရှိခဲ့ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နှံနိုင်သေးသူများအတွက် ကျောင်းအပ်လက်ခံမှုကို ဩဂုတ် ၃၁ ရက်အထိ သုံးလသက်တမ်းတိုးမြှင့်ပေးထားကြောင်း၊ ဇွန် ၂၉ ရက်အထိ စာရင်းများအရ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ (၇.၂၇၅) သန်းရှိပြီး ဆက်လက်တိုးလာမည်ဟု ခန့်မှန်းထားကြောင်း၊ ကျောင်းအပ်နှံထားသူများအနက် အမှန်တကယ် ကျောင်းတက်ရောက်မှုနှုန်းမှာ (၉၈.၆၅)ရာခိုင်နှုန်းရှိကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
“ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်နိုင်ရေးသည် အလွန်အရေးကြီးပါသည်။ ပြီးခဲ့သည့် ငါးနှစ်တာအတွင်း မတည်ငြိမ်မှုများနှင့် ပဋိပက္ခများကြောင့် ပိတ်ထားခဲ့ရသည့် ကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဆရာ၊ ဆရာမများ လုံလောက်စွာရရှိရေးနှင့် ကျောင်းသားများ လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်မည့် ပတ်ဝန်းကျင်ဖန်တီးပေးရေးအတွက် အစိုးရက အလေးထားဆောင်ရွက်နေပါသည်” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ထို့အပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ (၇၃)ရာခိုင်နှုန်း တက်ရောက်လျက်ရှိပြီး တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်း (၂၂၃)ကျောင်းအနက် (၂၁၆)ကျောင်း ဖွင့်လှစ်ထားနိုင်ကာ တွဲဖက်ဖွင့်လှစ်ထားသည့် ကျောင်း (၁၃)ကျောင်းရှိပြီး လုံးဝမဖွင့်လှစ်နိုင်သေးသည့် ကျောင်းမှာ (၇)ကျောင်းသာ ကျန်ရှိကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
