သူတို့ရဲ့ ပိုင်နက်နယ်မြေကို အမေရိကန်က ထပ်မံတိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံဟာ ဟော်မုဇ်ရေလက်ကြားကို သင်္ဘောတွေ သွားလာလို့မရအောင် လုံးဝပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ Khatam al-Anbiya ဗဟိုဌာနချုပ်က ပြောကြားလိုက်ပါတယ်။
“ဒေသတွင်းမှာ လုံခြုံရေး အခြေအနေ မရှိတော့တဲ့အတွက်ကြောင့်မို့လို့ အခုချက်ချင်းပဲ ဟော်မုဇ်ရေလက်ကြားကို ရေနံတင်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေအပါအဝင် ဘယ်လိုသင်္ဘောမျိုးမဆို ဖြတ်သန်းသွားလာခွင့် မပြုတော့ဘဲ ပိတ်လိုက်ပြီလို့ ကြေညာပါတယ်။ အဲဒီရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားလာတဲ့ ဘယ်လိုကိစ္စမျိုးကိုမဆို ပြန်လည်တိုက်ခိုက်သွားမှာပါ” လို့ အီရန်အစိုးရရုပ်သံလိုင်းက ၎င်းတို့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ရေတပ်ကလည်း အဲဒီရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားခဲ့တဲ့ သင်္ဘောနှစ်စင်းကို သူတို့ဘက်က အခုပဲ တိုက်ခိုက်လိုက်ပြီလို့ ပြောကြားထားပါတယ်။