အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အီရန်အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ၎င်းရေလမ်းကြောင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် သင်္ဘောအားလုံးကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံ Khatam al-Anbiya ဌာနချုပ်မှ တပ်မှူး Ali Abdollahi က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ဟော်မုဇ် ရေလက်ကြားရဲ့ လုံခြုံရေးကို အစွမ်းကုန်ဆောင်ရွက်နေပြီး အခြေအနေအားလုံးကို ထိန်းချုပ်ထားပါတယ်။ ကုန်တင်သင်္ဘောတွေနဲ့ ရေနံတင်သင်္ဘောတွေအနေနဲ့ သူတို့ရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့အတွက် ဟော်မုဇ် ရေလက်ကြားမှာ တပ်စွဲထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ဖြတ်သန်းသွားလာဖို့ မကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်း၏ပြောကြားချက်ကို အီရန်နိုင်ငံပိုင် ရုပ်သံဌာနက ကိုးကားဖော်ပြခဲ့သည်။
Abdollahi က ဆက်လက်သတိပေးရာတွင် နိုင်ငံခြား လက်နက်ကိုင်တပ်ဖွဲ့များ (အထူးသဖြင့် အမေရိကန်စစ်တပ်)အနေဖြင့် ဟော်မုဇ် ရေလက်ကြားအတွင်းသို့ ချဉ်းကပ်ရန် သို့မဟုတ် ဝင်ရောက်ရန် ကြိုးပမ်းပါက တိုက်ခိုက်ခြင်း ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
