ဆော်ဒီတိုက်လေယာဉ်များကို ဝေဟင်ဆီဖြည့်ပေးမည်
လန်ဒန်၊ စက်တင်ဘာ ၂၂
အီရန်ကျောထောက်နောက်ခံပြု ဟူသီတပ်ဖွဲ့များ၏ ဒုံးကျည်နှင့် ဒရုန်းတို-က်ခိုက်မှုများ ရင်ဆိုင်နေရသည့် ဆော်ဒီအာရေဗျကို ကာကွယ်ရေးဆိုင်ရာ စစ်ဘက်အကူအညီပေးရန် ဗြိတိန်က သဘောတူလိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် အန်ဒီ ဘန်းဟမ်းက ပြောကြားသည်။
ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရန် နယူးယောက်မြို့သို့ သွားရောက်စဉ် ဝန်ကြီးချုပ် ဘန်းဟမ်းက ဆော်ဒီအာရေဗျ၏ အကူအညီတောင်းခံမှုအရ ကာကွယ်ရေးတာဝန်ထမ်းဆောင်သည့် ဆော်ဒီတိုက်လေယာဉ်များကို ဗြိတိန်တော်ဝင်လေတပ်က ဝေဟင်၌ ဆီဖြည့်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
ယင်းစစ်ဆင်ရေးအတွက် RAF Voyager ဝေဟင်ဆီဖြည့်လေယာဉ်တစ်စင်းကို အသုံးပြုမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း စတင်ရန်ရှိကာ အကူအညီပေးမှုကို အချိန်ကာလကန့်သတ်ထားမည်ဖြစ်သည်။
ဗြိတိန်၏ စစ်ဘက်အကူအညီသည် ဟူသီတပ်ဖွဲ့များကို တို-က်ခိုက်ရန် ဆော်ဒီလေယာဉ်များအား ပံ့ပိုးပေးခြင်းမဟုတ်ဘဲ ဟူသီတို့၏ ဒရုန်းနှင့် ဒုံးကျည်တို-က်ခိုက်မှုများမှ ဆော်ဒီနိုင်ငံကို ကာကွယ်နေသည့် လေယာဉ်များအတွက်သာ ဝေဟင်ဆီဖြည့်ပေးမည်ဖြစ်သည်။
ဗြိတိန်သည် ယခုနှစ်အစောပိုင်းကလည်း ဆော်ဒီအာရေဗျတွင် Sky Sabre လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်ထားပြီး ယခုဝေဟင်ဆီဖြည့်ပေးရေးအစီအစဉ်မှာ ထပ်မံဖြည့်စွက်သည့် ကာကွယ်ရေးအကူအညီဖြစ်သည်။
ယီမင်ရှိ ဟူသီတပ်ဖွဲ့များသည် မကြာသေးမီက ဆော်ဒီအာရေဗျအပေါ် ဒုံးကျည်နှင့် ဒရုန်းတို-က်ခိုက်မှုများ တိုးမြှင့်လာသည့်အပြင် ပင်လယ်နီကမ်းရိုးတန်းရှိ မဟာဗျူဟာမြောက်နေရာများကို ထိန်းချုပ်လာသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါသည့် ဗာဘ်အယ်လ်မန်ဒက် ရေလက်ကြားတစ်ဝိုက် လုံခြုံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ဗြိတိန်ဝန်ကြီးချုပ်က ယခုအကူအညီပေးမှုသည် ဗြိတိန်နှင့် ဒေသတွင်းအကျိုးစီးပွားများကို ကာကွယ်ရန်နှင့် အရေးပါသည့် ကုန်သွယ်ရေကြောင်းလမ်းများ ဆက်လက်ဖွင့်ထားနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
Ref: Bangkok Post / Reuters
