ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ
ဟန်းတာဗိုင်းရပ်စ်ရောဂါသည် မြန်မာနိုင်ငံသို့ ကူးစက်ပျံ့နှံ့နိုင်ခြေ နည်းပါးသော်လည်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသန်းနိုင်စိုးနှင့် ဒေါက်တာတိုးသီရိအောင်တို့ ရေးသားထားသည့် ဆောင်းပါးအရ ဟန်းတာဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ ကဲ့သို့ လူမှလူသို့ အလွယ်တကူ မကူးစက်နိုင်ဘဲ အချိန်ကြာမြင့်စွာ နီးကပ်ထိတွေ့မှုရှိမှသာ ကူးစက်နိုင်ကြောင်း အထောက်အထားများရှိသဖြင့် ပြည်သူလူထုအတွင်း ဆက်လက်ပျံ့နှံ့နိုင်ခြေ နည်းပါးကြောင်း ဖော်ပြထားသည်။
ကမ္ဘာတစ်ဝှမ်းတွင် ဟန်းတာဗိုင်းရပ်စ် ကူးစက်မှုနှင့် ရောဂါဖြစ်ပွားမှုနှုန်းမှာ နည်းပါးနေပြီး ၂၀၂၅ ခုနှစ်အတွင်း အမေရိကတိုက်ရှိ နိုင်ငံ ၈ နိုင်ငံတွင် လူနာ ၂၂၉ ဦးနှင့် သေဆုံးသူ ၅၉ ဦးရှိခဲ့ကြောင်း သိရသည်။ အရှေ့အာရှဒေသတွင်လည်း လွန်ခဲ့သည့်နှစ်များအတွင်း ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျလာခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်များအရ လက်ရှိအချိန်ထိ ဟန်းတာဗိုင်းရပ်စ်ရောဂါကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် လူမှလူသို့ ကူးစက်နိုင်ခြေနည်းပါးသည့် “Low Risk” အဆင့်အဖြစ်သာ သတ်မှတ်ထားကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် အသိပညာပေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်နေပြီး WHO နှင့် ချိတ်ဆက်ကာ လတ်တလော ရောဂါဖြစ်ပွားမှုအခြေအနေများကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် နယ်စပ်ဝင်ထွက်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
