ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီတဂူစက္ခုဒါန ဆေးရုံကြီးကို ယခုလ ဇွန် (၁၂) ရက် မှစတင်ကာ အခမဲ့ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံဦးဆောင်နာယက ဆရာတော်ထံမှ သိရသည်။
သီပေါ သီတဂူစက္ခုဒါန ဆေးရုံကြီးတွင် လျှပ်စစ်မီးဖြင့် အသုံးပြုရသည့် ခွဲခန်းသုံးအဝတ်များ၊ ခွဲစိတ်ကိရိယာများပေါင်းရန်ပေါင်းအိုး (၅)လုံး၊ မျက်စိခွဲစိတ်စက် (၅)လုံး၊ မျက်စိရောဂါရှာဖွေသည့် စက်က (၄)လုံး ၊ မျက်စိရေချိန်တိုင်းစက် (၃)လုံး ၊ ခွဲစိတ်ပြီး မျက်စိအတွင်းထည့်ရန် မှန်ဘီလူးတိုင်းစက် (၂)လုံး၊ လေအေးပေးစက် (၁၈)လုံးရှိပြီး လက်ရှိတွင် သန့်ရှင်းရေးများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံကြီးအား သီတဂူဆရာတော်ဘုရားကြီးက (၂၀၀၈) ခုနှစ်အတွင်း ဦးစီးဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဆေးရုံကြီးအား ကျပ်သိန်း(၁,၃၃၃)ခန့် ကုန်ကျခံဆောက်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ကိုဗစ် – ၁၉ ရောဂါကာလစတင်သည့် အချိန်မှစတင်၍ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလမှစတင်၍ တစ်နှစ်လျှင် တစ်ကြိမ်ပြန်လည်ဖွင့်လှစ် ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
