ရန်ကုန်၊ စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃.၃(M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါမြေငလျင်မှာ စက်တင်ဘာ ၁ ရက် ည ၁၁ နာရီ ၄ မိနစ် ၁၆ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
ကမ္ဘာအေးမြေငလျင်စခန်း၏ အချက်အလက်များအရ အဆိုပါမြေငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ၊ လှိုင်သာယာမြို့နယ်၏ အနောက်-အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၆.၉၀ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၉၅.၈၅ ဒီဂရီ၊ အနက် ၁၆ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
အင်အား ၃.၃(M) အဆင့်ရှိသည့် အဆိုပါမြေငလျင်ကို ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ခံစားသိရှိခဲ့သော်လည်း အချို့မြို့နယ်များတွင် ငလျင်လှုပ်ခတ်မှုကို မသိရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
