ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို အောက်တိုဘာလအတွင်း ကျင်းပရန် လျာထား
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ခေတ္တရပ်နားထားသည့် ကာလအတွင်း သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများရှိ မဲဆန္ဒရှင်ပြည်သူများထံ အရောက်သွားရောက်ကာ လွှတ်တော်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်သူများ၏ လိုလားချက်များကို ထပ်မံကောက်ခံဆောင်ရွက်ကြရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့ (ဇွန် ၂၉ ရက်) ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာ၌ ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ဥက္ကဋ္ဌက မကြာမီကာလအတွင်း ဒုတိယပုံမှန်အစည်းအဝေးကို ခေတ္တရပ်နားမည်ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများသို့ သွားရောက်ကာ ဒုတိယပုံမှန်အစည်းအဝေးအတွင်း ရရှိခဲ့သည့် အတွေ့အကြုံများနှင့် တိုင်းဒေသကြီးအစိုးရက ပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများကို မဲဆန္ဒရှင်ပြည်သူများအား ရှင်းလင်းတင်ပြကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မဲဆန္ဒရှင်များ၏ ထပ်မံတင်ပြလာသည့် လိုအပ်ချက်များ၊ အကြံပြုချက်များနှင့် ဆန္ဒများကို စနစ်တကျ မှတ်တမ်းတင်ထားပြီး လာမည့် လွှတ်တော်အစည်းအဝေးများတွင် မေးခွန်းများ၊ အဆိုများအဖြစ် တင်သွင်းဆောင်ရွက်စေလိုကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့အပြင် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို လာမည့် အောက်တိုဘာလအတွင်း ကျင်းပရန် လျာထားကြောင်းနှင့် အဆိုပါအစည်းအဝေးတွင် လွှတ်တော်၏ အဓိကတာဝန်များအနက် တစ်ခုဖြစ်သည့် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကို ဆွေးနွေးအတည်ပြုရန် ရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လိုအပ်သည့် အချက်အလက်များကို ကြိုတင်လေ့လာပြင်ဆင်ထားကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
