လေးမျက်နှာ၊ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်နှင့် ရေကြည်မြို့နယ်တို့မှ ရေဘေးသင့်ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လမင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် e-ID စနစ်ဖြင့် UID နံပါတ် ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ ရေကြီးမှုကြောင့် ပျောက်ဆုံးပျက်စီးသွားသည့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်များကို ကာယကံရှင်များထံ ပေးအပ်ခဲ့ပြီး ရေကြီးနစ်မြုပ်ခဲ့သည့် လေးမျက်နှာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID လာရောက်ဆောင်ရွက်သည့် ပြည်သူများနှင့် တွေ့ဆုံကာ ကတ်များ ပေးအပ်ခဲ့ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
အလားတူ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ် အားကစားခန်းမ ကယ်ဆယ်ရေးစခန်းနှင့် ရေကြည်မြို့နယ် အားကစားခန်းမ ကယ်ဆယ်ရေးစခန်းတို့ရှိ ရေဘေးသင့်ပြည်သူများအား ပျောက်ဆုံးပျက်စီးသွားသည့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြန်လည်စိစစ်ထုတ်ပေးခြင်း၊ UID နံပါတ် ကောက်ယူဆောင်ရွက်ပေးခြင်းများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
