သမ္မတ ဒေါ်နယ်ထရမ့် ဟာ တနင်္ဂနွေနေ့က Truth Social ပေါ်မှာ AI နဲ့ ဖန်တီးထားပုံရတဲ့ ဓာတ်ပုံများစွာကို ဆက်တိုက်တင်ခဲ့ပြီး၊ အဲဒီပို့စ်တွေအနက်သူဟာ အမေရိကန်ပြည်ထောင်စုအတွက် စတော့ရှယ်ယာတွေနဲ့ အခြားပိုင်ဆိုင်မှုများကနေ ဒေါ်လာ ဘီလျံရာပေါင်းများစွာ ရှာဖွေပေးထားတယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုချက်တွေ၊ သက်သေအထောက်အထားမပါတဲ့ သတင်းစကားတွေလဲ ပါဝင်ခဲ့ပါတယ်။
အသက် ၈၀ အရွယ်ရှိ အမေရိကန် သမ္မတဟာ တနင်္ဂနွေနေ့တစ်နေ့တည်းမှာပဲ ၁၀ နာရီကျော်ကြာအောင် သူ့ရဲ့ လူမှုကွန်ရက်ပလက်ဖောင်းပေါ်ကို AI နဲ့ ဖန်တီးထားပုံရတဲ့ ပုံဒါဇင်များစွာ တင်ခဲ့ပါတယ်။ အဲဒီပုံတွေထဲမှာ အီရန်နိုင်ငံ ရှုံးနိမ့်သွားတဲ့ပုံ၊ သူနဲ့ ဂျော့ဝါရှင်တန် နဲ့အတူတူ မြင်းစီးနေတဲ့ပုံ၊ နောက်ပြီး ရုပ်ရှင် မင်းသားကြီး ရောဘတ်ဒီနီရိုးက “Trump is my president” လို့ ရေးထားတဲ့ အင်္ကျီကို ကိုင်ထားတဲ့ပုံတွေ ပါဝင်ပါတယ်။
AI ပုံတစ်ပုံမှာတော့ ထရမ့်ဟာ အိမ်ဖြူတော်အတွင်း မော်နီတာစခရင် အများအပြားရှေ့မှာ ထိုင်ပြီး စတော့ဈေးကွက်ကို စောင့်ကြည့်နေတဲ့ပုံစံနဲ့ ဖော်ပြထားပါတယ်။ အဲဒီပုံရဲ့ ပုံစာမှာ “ကျွန်တော် ဒါကို ကိုယ့်အကျိုးအတွက် မဟုတ်ဘဲ နိုင်ငံအတွက် လုပ်နေတာပါ။ စတော့ရှယ်ယာတွေနဲ့ အခြားပိုင်ဆိုင်မှု အမျိုးမျိုးကနေ အမေရိကန်ပြည်ထောင်စုအတွက် ဒေါ်လာ ဘီလျံရာပေါင်းများစွာ ရှာဖွေပေးထားတယ်။ ကိုယ့်အတွက် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် လုပ်သမျှအတွက် လက်ဝဲယိမ်း ဒီမိုကရက်တွေဆီက ဝေဖန်မှုတွေပဲ ခံနေရတယ်။ တော်တော် မမျှတဘူး။ ဒါပေမဲ့ ဘာတတ်နိုင်မလဲ။”လို့ ရေးသားထားပါတယ်။
ထရမ့်ဟာ AI နဲ့ ဖန်တီးထားတဲ့ ပုံတွေ အကြောင်းအရာတွေ မကြာခဏတင်လေ့ရှိသူတစ်ဦးဖြစ်ပြီး၊ အထူးသဖြင့် လက်ရှိ ဆက်လက်ဖြစ်ပွားနေတဲ့ အမေရိကန်-အီရန် စစ်ပွဲအတွင်း အဲဒီလိုပို့စ်တွေကို မကြာခဏ တင်ခဲ့ပါတယ်။ ဥပမာအားဖြင့် သူ့လက်ထဲမှာ သေနတ်ကိုင်ထားပြီး နောက်ခံမှာ ပေါက်ကွဲမှုတွေ ဖြစ်နေတဲ့ပုံ၊ “NO MORE MR. NICE GUY!” ဆိုတဲ့ စာတန်းပါတဲ့ပုံမျိုးတွေ တင်ခဲ့ဖူးပါတယ်။
အိမ်ဖြူတော်ကတော့ ဒီ AI ပုံရိပ်များနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ မေးမြန်းထားတဲ့ သတင်းမီဒီယာတွေရဲ့ တုံ့ပြန်ချက် တောင်းဆိုမှုကို ချက်ချင်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
ထရမ့် တင်ခဲ့တဲ့ AI ပုံအများအပြားမှာ အီရန်နိုင်ငံ ပျက်စီးသွားတာကို ပြသထားပြီး၊ အရင်းအမြစ်အတည်ပြုလို့ မရတဲ့ စီးပွားရေးဆိုင်ရာ infographic များလည်း ပါဝင်ခဲ့ပါတယ်။
အတည်မပြုနိုင်သေးတဲ့ ဇယားတစ်ခုမှာ “အီရန်ငွေကြေးစနစ် ပျက်စီးသွားပြီ” လို့ ဖော်ပြထားပြီး၊ အခြားပုံတစ်ပုံမှာတော့ အီရန်နိုင်ငံမြေပုံပေါ်မှာ “Iran is a Failing Nation” (အီရန်ဟာ ကျရှုံးနေတဲ့ နိုင်ငံတစ်နိုင်ငံ) လို့ ရေးသားထားပါတယ်။
AI ပုံတစ်ပုံမှာ Trump ဟာ စစ်သင်္ဘောတစ်စင်းရဲ့ ကုန်းပတ်ပေါ်ကနေ သင်္ဘောအများအပြား ပေါက်ကွဲပျက်စီးနေတဲ့ မြင်ကွင်းကို ကြည့်ရှုနေတဲ့ပုံအဖြစ် ဖော်ပြထားပါတယ်။ အခြားပုံတစ်ပုံမှာတော့ အမေရိကန်အလံပုံစံလုပ်ထားတဲ့ တူကြီးတစ်လက်နဲ့ အီရန်မြေပုံကို ရိုက်ချိုးနေတဲ့ပုံ ဖြစ်ပါတယ်။ နောက်ထပ်ပုံတစ်ပုံကတော့ ခတ်ဒ်ကျွန်းပေါ်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေပြီး “Bye bye, Kharg” လို့ ရေးသားထားကာ တိုက်လေယာဉ်တစ်စင်း ပျံသန်းနေပါတယ်။
ထရမ့်ဟာ သူ့ကိုယ်သူ အမေရိကန်နိုင်ငံကို ကယ်တင်နေတဲ့ အက်ရှင်ဟီးရိုးတစ်ယောက်လို ဖော်ပြထားတဲ့ AI ပုံများစွာကိုလည်း တင်ခဲ့ပါတယ်။
အချို့ပုံတွေမှာတော့ Capitol အဆောက်အအုံ နောက်ခံနဲ့ အနာဂတ်နည်းပညာစက်ရုပ်များ ဝန်းရံထားတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ဖော်ပြထားပါတယ်။
အခြားပုံတွေမှာတော့ Hulk Hogan လို နပန်းသမားပုံစံ၊ အနီရောင် MAGA ဦးထုပ်ဆောင်းထားပြီး အမေရိကန်အလံကို လွှမ်းခြုံထားတဲ့ပုံစံနဲ့ တွေ့ရပါတယ်။ နောက်ထပ်ပုံတစ်ပုံမှာတော့ Space Force ကွပ်ကဲရေးဌာနရဲ့ ခေါင်းဆောင်အဖြစ် ဖော်ပြထားပါတယ်။
သူ့ရဲ့ AI ပို့စ်များထဲမှာ အခြားနိုင်ငံများ၊ နယ်မြေများ၊ သဘာဝ အထင်ကရ နေရာများ၊ ကောင်းကင်ယံ အရာဝတ္ထုများကိုပါ အမေရိကန်ပိုင် နယ်မြေအဖြစ် ဖော်ပြထားတဲ့ ပုံများ ပါဝင်ခဲ့ပါတယ်။
AI ပုံတစ်ပုံမှာ ဟော်မုဇ်ရေလက်ကြားကို “new U.S. Territory” (အမေရိကန် နယ်မြေသစ်) လို့ ခေါ်ဆိုထားပြီး၊ အခြားပုံတစ်ပုံမှာတော့ New Mexico ပြည်နယ်ကို “New America” လို့ အမည်ပြောင်းထားပါတယ်။
နောက်ထပ်ပို့စ်တစ်ခုမှာ လကို “The Moon is Ours” (လဟာ ကျွန်တော်တို့ပိုင်တယ်) လို့ ရေးသားထားပြီး ဘေးမှာ အမေရိကန်အလံကို ထည့်သွင်းဖော်ပြထားပါတယ်။ အခြားပို့စ်တစ်ခုမှာတော့ ယခုအခါ အမေရိကန်နဲ့ ကနေဒါကြား နယ်နိမိတ်ခွဲထားတဲ့ Lake Ontario ကို “Lake America” လို့ အမည်တပ်ထားပါတယ်။
