ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာသည် ယနေ့ ဇူလိုင် ၃၁ ရက်နံနက် ၇ နာရီကကျိုး ပေါက်သွားသဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် မြစ်ရေဝင်ရောက်လျက်ရှိသည့် အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အ မှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ဂျမ်းကုန်းကျေး ရွာ၊ ကျွန်းတဲကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာနှင့် ညောင် ပင်ဝဲကျေးရွာတို့မှ ရေဘေးသင့်သူများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရွှေ့ပြောင်းပေးလျက်ရှိရာ ရေဘေးသင့်သူများအတွက် ရေဘေးအလှူပစ္စည်းများလှူဒါန်းလိုပါက ပုသိမ်မြို့၊ မင်းကြီးလမ်းရှိ ကြက်တောင်အားကစားရုံတွင်လာရောက်လှူဒါန်းနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ငဝန်မြစ်ရေကာတာအတွင်းဝင်ရောက်လာသောမြစ်ရေများသည် တာကျိုးပေါက်သည် ဖြစ်စဉ်နေရာ၏ အရှေ့ဘက်မြစ်ကျိုးအင်းမှတစ်ဆင့် အရှေ့မြောက်ဘက်ချောင်းဇောက် ယင်းမှတစ်ဆင့် စာရေးကုန်းချောင်းမှ ဒါးကမြစ်အတွင်းသို့စီးဝင်နိုင်သည်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။
ထို့ပြင် ယခုဖြစ်စဥ်အားကြုံတွေ့နေရသူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ သက်ဆိုင်ရာ၏ အရေးပေါ် ညွှန်ကြားချက်များကို အတိအကျလိုက်နာကာဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းနေထိုင်ကြရန်လည်း တိုင်းအစိုးရအဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်း သိရသည်။