ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၏ မြို့တွင်းအဓိကလမ်းမကြီးများတွင် ယာဉ်သွားလာမှု ပိုမိုစနစ်ကျစေရန်နှင့် လမ်းအန္တရာယ်ကင်းရှင်းစေရန်အတွက် လမ်းညွှန်မြှားအမှတ်အသားများ အသစ်ပြန်လည်ရေးဆွဲခြင်းလုပ်ငန်းကို အထူးဒေသအုပ်ချုပ်ရေးကော်မတီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မူလလမ်းညွှန်အမှတ်အသားများသည် ကာလကြာရှည်အသုံးပြုမှုနှင့် ရာသီဥတုဒဏ်ကြောင့် မှေးမှိန်နေသဖြင့် ယခုအခါ လမ်းပန်းဆက်သွယ်ရေးစံနှုန်းများနှင့်အညီ နေ့ဘက်တွင် ကြည်လင်ပြတ်သားရုံသာမက ညဘက်တွင်လည်း အလင်းပြန်အားကောင်းသည့် အရည်အသွေးမြင့်ဆေးများကို အသုံးပြု၍ လမ်းကြောင်းခွဲမျဉ်းများ၊ လူကူးမျဉ်းကြားများနှင့် ရပ်တန့်မျဉ်းများကို အသစ်ပြန်လည်ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကြောင့် မြို့တွင်းယာဉ်စီးရေ များပြားလာသည့်တိုင် ယာဉ်မတော်တဆမှုများကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်စဉ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန် နယ်မြေခံယာဉ်ထိန်းရဲများနှင့် မြို့ခံပြည်သူများကလည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
