မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် ၊ ကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးနှင့် ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်တို့ဦးဆောင်သော အဖွဲ့သည် ဖေဖော်ဝါရီ (၁၉) ရက်နှင့် (၂၀) ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ မန္တလေးဗဟိုအကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လူ့အခွင့်အရေးကော်မရှင်၏ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ ” ကုလသမဂ္ဂပြဋ္ဌာန်းထားသည့်အကျဉ်းသားများအပေါ် ပြုမူဆက်ဆံမှုနှင့် စပ်လျဉ်းသော အနိမ့်ဆုံးစံနှုန်းများနှင့်ညီမညီ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့သည် အကျဉ်းသား အကျဉ်းသူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးရုံ၊ စာကြည့်တိုက်၊ သက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးသည့် အ လုပ်ရုံများ၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊ ထောင်တွင်းစာသင်ကျောင်း၊ အချုပ်ဆောင်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်များ၊ မိလ္လာများနှင့် သုံးရေကန်များ စသည်တို့ကို ကြည့်ရှုစစ်ဆေးသည်ဟု ဆိုသည်။
စစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူများအား အိပ်ဆောင်များတွင်တွေ့ဆုံပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား / အကျဉ်းသူ၊ အချုပ်သား/အချုပ်သူ စုစုပေါင်း (၈၆) ဦးကိုတွေ့ဆုံကာ အကျဉ်းသူများ၏ တင်ပြချက်များကို မေးမြန်းမှတ်တမ်းတင်ပြီးနောက် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ ကျွေးမွေးမှုအခြေအနေ၊ အကျဉ်းထောင်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသည့် အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ၊ အကျဉ်း သား၏ ရောဂါအခြေအနေအပေါ် မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှုအခြေအနေ၊ သန့်ရှင်းသောသောက်ရေပေးဝေမှုနှင့် ချိုးရေသုံးရေ လုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုနှင့်တွေ့ဆုံခွင့်ပေးနိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စ ည်းများ ရရှိမှုအခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှုအခြေအ နေ၊ ယုံကြည်ရာကိုးကွယ်သည့် ဘာသာအလိုက်ဝတ်ပြုကိုးကွယ်ခွင့် ခြေအနေ၊ အတန်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးနေမှု အခြေအနေ၊ အကျဉ်း သား၊ အကျဉ်းသူများအား အကျဉ်းထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသားအချင်းချင်းကလည်းကောင်း ညှ-ဉ်းပန်းနှိ-ပ်စက်မှု ရှိမရှိအခြေအနေ စသည်တို့ကို မေးမြန်းခဲ့သည်ဟု ဆိုသည်။
စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
