လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြုးရေးပါတီ(USDP)ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။
USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်ပါတီညီလာခံ၌ နှုတ် ခွန်းဆက်အမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“လွန်ခဲ့တဲ့(၅)နှစ်တာကာလမှာ အထိုက်အလျောက်အောင်မြင်ခဲ့တဲ့ ပါတီဝင် ပါတီဝင်သစ်စုဆောင်းရေး အစိမ်းရောင်စီမံချက်ကို ပိုမိုအသေးစိတ်ပြီး ဖိဖိစီးစီး ဆက်လက်ဖော်ဆောင်သွားမှာပါ။ လူငယ်တွေနဲ့ အသစ်စုစည်းရရှိတဲ့ လူငယ်တွေကိုအရည်အချင်း၊ အရည်အသွေးလိုက်ရွေးထုတ်ပြီး နိုင်ငံရေးပညာ၊ စီးပွားရေးပညာ၊ မူဝါဒရေးဆွဲမှု၊ ခေါင်းဆောင်မှု၊ နိုင်ငံတကာဆက်ဆံရေး၊ Digital Technology ၊ Public Communication စတာတွေကိုလေ့ကျင့်သင်ကြားပြီး ပါတီအမာခံကေဒါတွေ လေ့ကျင့်မွေးမြူရေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်သွားမှာပါ”ဟု ဦးခင်ရီက ပြောသည်။
ထို့အတူ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးအင်အားစုများဖြစ်၍ တိုင်းပြည်အတွက်အရေးပါသော စွမ်းအားရှင်လုပ်သားထု Work Force တစ်ခုဖြစ်နေခြင်းကို အလေးထားပြီး အမျိုးသမီးများကို ဆုံးဖြတ်ချက် ချမှတ်သူ၊ မူဝါဒရေးဆွဲသူ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့အစည်းအသီးသီး၌ အရည်အချင်းပြည့်ဝစွာတာဝန်ယူနိုင်သူ၊ ပါတီကို လက်ဆင့်ကမ်းအမွေအဖြစ် ထိန်းသိမ်းနိုင်သူများဖြစ်အောင် ဦးတည်လေ့ကျင့်ပေးမည်ဟု ပြောသည်။
ထို့ကြောင့် အမျိုးသမီးကဏ္ဍတွင် ပါတီဝင်နှင့် စုဆောင်းရရှိသည့် ပါတီဝင်အသစ်များကို အရည်အချင်း၊ အရည်အသွေးစိစစ်ရွေးချယ်ပြီး အနာဂတ်အတွက် အစီအမံများချမှတ်သွားမည်ဖြစ်ကာ 3 Youth Leadership Program & Women Leadership Program တို့ကိုလည်း Time Frame များချမှတ်၍ စနစ်တကျရေးဆွဲ အကောင်အထည်ဖော်သွားမည်ဟု ဦးခင်ရီက ပြောကြားခဲ့သည်။
