ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကိုဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။
USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၀ ရက်တွင်ကျင်းပသည့် ပြပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်ပါတီညီလာခံ၌ နှုတ်ခွန်းဆက်အမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ပါတီရဲ့ လုပ်ငန်းစီမံချက်ကိုအရှိန်အဟုန်နဲ့ဆောင် ရွက်နိုင်ဖို့ အစပျိုးတဲ့အနေနဲ့ ၂၀၂၆ ခုနှစ်၊ အောက်တို ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိအကျုံးဝင်မယ့် ရက်(၉၀)စီမံချက်ကိုချမှတ်အကောင်အထည်ဖော်သွားမှာပါ။ ဒါ့အပြင် (၁)နှစ်စီမံချက်၊ (၅)နှစ်စီမံချက်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အစီအမံတွေကြိုတင်ရေးဆွဲထားပြီး ဖြစ်ပါတယ်” ဟု USDP ပါတီ ဥက္ကဋ္ဌဦးခင်ရီက ပြောသည်။
ထို့ပြင် စီမံချက်တိုင်းသည် မူဝါဒကောင်းသော်လည်း အကောင်အထည်ဖော်နိုင်မှုအပိုင်းတွင် ချို့ယွင်းအား နည်းချက်များရှိတတ်သဖြင့် လုပ်ငန်းအစီအမံတစ်ခုချင်းစီကို စစ်ဆေးကြပ်မတ်ရန် KPI ” အောင်မြင်မှုတိုင်းတာချက်”တွေကို အမှတ်ပေးစနစ်နှင့် စနစ်တကျ အောင်မြင်အောင် အလေးထား စိစစ်တွန်းအားပေး ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အနာဂတ်ခရီးအတွက်ပြင်ဆင်ဆောင် ရွက်ထားကြပြီးဖြစ်ရာ ပိုမိုခိုင်မာ ပြည်မြန်မာ ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ကောင်းသောအနာဂတ်ကို ယုံကြည်မှုအပြည့်နှင့် ရင်ဆိုင်ကျော်လွှားကြရန်စုပေါင်း သံန္နိဋ္ဌာန်ချမှတ်ရမည်ဟု USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
