Home News Local News လာအိုနိုင်ငံ၏ အထွတ်အမြတ်စေတီတော်ကြီး ထက်လုံသို့ မြန်မာနိုင်ငံတော်သမ္မတနှင့်ဇနီး တို့ သွားရောက်ဖူးမျှော်

လာအိုနိုင်ငံ၏ အထွတ်အမြတ်စေတီတော်ကြီး ထက်လုံသို့ မြန်မာနိုင်ငံတော်သမ္မတနှင့်ဇနီး တို့ သွားရောက်ဖူးမျှော်

0
120

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ (ဇူလိုင် ၄ ရက်) နံနက်ပိုင်းတွင် လာအိုနိုင်ငံ၏ အထင်ကရ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ သာသနိကအမွေအနှစ်ဖြစ်သည့် ထက်လုံဘုရား (Pha That Luang) သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ မြို့တော် ဗီယန်ကျင်းရှိသမိုင်းဝင် “ဖာသက်လွန်း စေတီတော်ကြီး” ပင် ဖြစ်သည်။ ဤစေတီတော်ကြီးသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ကြွယ်ဝပုံကို ပြသနေရုံတင်မကဘဲ လာအိုနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် စည်းလုံးညီညွတ်မှု၏ အသက်သွေးကြော ပြယုဂ်လည်း ဖြစ်သည်။

သမိုင်းကြောင်းအရ ဤစေတီတော်ကြီးတည်ရှိရာ နေရာတွင် ခရစ်တော်မပေါ်မီ ဘီစီ ၃ ရာစုခန့်ကတည်းက အာသောကမင်းကြီး၏ သာသနာပြုအဖွဲ့က ပင့်ဆောင်လာခဲ့သည့် မြတ်စွာဘုရားရှင်၏ “ညှပ်ရိုးတော်” ကို ဌာပနာပြီး အုတ်စေတီငယ်တစ်ဆူအဖြစ် စတင်တည်ထားခဲ့သည်ဟု ဒဏ္ဍာရီသမိုင်းများက ဆိုကြသည်။

နောက်ပိုင်း ၁၅၆၆ ခုနှစ်တွင် လာအိုတို့၏ မဟာကရုဏာရှင် ဘုရင်ဖြစ်သော “ဇေဋ္ဌာဓိရတ်” (King Setthathirath) က မြို့တော်ကို လုအန်ပရာဘန်းမှ ဗီယန်ကျင်းသို့ ပြောင်းရွှေ့လာချိန်တွင် ယခုမြင်တွေ့ရသည့် စေတီတော်ကြီးအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

စေတီတော်ကြီး၏ အဝင်ဝတွင် ဘုရင်ဇေဋ္ဌာဓိရတ်၏ ကြေးရုပ်တုကြီးကို ဂုဏ်ပြုစိုက်ထူထားသည်ကို တွေ့မြင်နိုင်သည်။

စေတီတော်ကြီးသည် သမိုင်းတစ်လျှောက်တွင် စစ်ဘေးစစ်ဒဏ်များကြောင့် ပျက်စီးခြင်း၊ ထိုင်း (ယိုးဒယား) စစ်တပ်များ၏ ဖျက်ဆီးလုယက်ခြင်းကို ခံခဲ့ရဖူးသော်လည်း ဒုတိယကမ္ဘာစစ်အပြီးတွင် လာအိုအစိုးရနှင့် ပြည်သူများက မိမိတို့၏ အမျိုးသားရေးစိတ်ဓာတ်ဖြင့် မူလလက်ရာအတိုင်း ပြန်လည်မွမ်းမံ တည်ဆောက်နိုင်ခဲ့ကြသည်။

ထက်လုံဘုရားတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ကော်ဇောနီခင်း၍ လာအိုတိုင်းရင်းသားအဖွဲ့များက ဂုဏ်ပြုကြိုဆိုခဲ့ပြီး၊ အနောက်ဘက်မုဒ်ဦးမှတစ်ဆင့် ဝင်ရောက်ကာ ဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးနှင့် ဆီမီးများ ဆပ်ကပ်ပူဇော်ခဲ့ကြသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here