ရန်ကုန်၊ စက်တင်ဘာ ၈
ရန်ကုန်ယူနိုက်တက်အသင်းသည် ယမန်နှစ်က ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် လာအိုကလပ် Ezra FC ကို ယခုနှစ်တွင် အနိုင်ရရှိရန် အကောင်းဆုံးပြင် ဆင်ထားကြောင်း နည်းပြ မာဆယ်လို ဆီရယ်လီက ပြောကြားသည်။
AFC Challenge League 2026/27 Preliminary Stage ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၇ရက်တွင် ကျင်းပခဲ့ပြီး ရန်ကုန်ယူနိုက်တက်နည်းပြ မာဆယ်လို ဆီရယ်လီနှင့် အသင်းခေါင်း ဆောင် ဒေးဗစ်ထန်း၊ Ezra FC နည်းပြ လီယက်ဗီဆိုင်းနှင့် အသင်းခေါင်းဆောင် ဆီဖုန်ဖန်တို့ တက်ရောက်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်သည် ယမန်နှစ် AFC Challenge League Preliminary Stage တွင် Ezra FC နှင့် တွေ့ဆုံခဲ့ရာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် အုပ်စုအဆင့်သို့ တက်ရောက်ခွင့် ဆုံးရှုံးခဲ့သည်။
ယခုနှစ်တွင် နည်းပြနှင့် ကစားသမားအချို့ အပြောင်းအလဲရှိသော်လည်း ယမန်နှစ်ပွဲစဉ်ကို ပြန်လည်လေ့လာကာ ပြိုင်ဘက်အသင်းကို အနိုင်ရရှိရေး အ ကောင်းဆုံးပြင်ဆင်ထားကြောင်း နည်းပြ ဆီရယ်လီက ဆိုသည်။
“မနှစ်ကပွဲကို ကျွန်တော် ကြည့်ခဲ့တယ်။ အခုက နည်းပြရော ကစားသမားတွေပါ အပြောင်းအလဲတွေ ဖြစ်သွားပြီ။ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့ အနိုင်ရအောင် ကစားသွားမယ်” ဟု ၎င်းက ပြောကြားသည်။
တစ်ဖက်တွင် Ezra FC နည်းပြ လီယက်ဗီဆိုင်းက လာအိုနိုင်ငံ၌လည်း မိုးရာသီဖြစ်သဖြင့် ရာသီဥတုအခြေအနေမှာ နှစ်သင်းစလုံးအတွက် အားသာချက်မရှိကြောင်း ပြောသည်။
Ezra FC သည် ရာသီကြိုခြေစမ်းပွဲများတွင် နည်းစနစ်ပိုင်းကို အဓိကထား ပြင် ဆင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်နှင့် ပွဲစဉ်တွင်လည်း အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု လီယက်ဗီဆိုင်းက ဆိုသည်။
ရန်ကုန်ယူနိုက်တက်နှင့် Ezra FC တို့၏ AFC Challenge League 2026/27 Preliminary Stage ပွဲစဉ်ကို စက်တင်ဘာ ၈ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။
