နေပြည်တော်၊ ဇူလိုင်-၂၆
သတ်မှတ်ထားသည့် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ရာသက်ပန် CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးအတွက် အာရှတွင် အသက်သာဆုံးဖြစ်သည့် တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် CNG များကို ဦးစားပေး ရောင်းချပေးနေခြင်း ဖြစ်သည်။
သို့သော် အဆိုပါ YBS ၁၀ စီးမှာ သတ်မှတ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်မှုဇုန်များ၌ ဖယ်ရီဆွဲနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယခုကဲ့သို့ ပြင်းထန်စွာ အရေးယူလိုက်ခြင်း ဖြစ်သည်။
အဆိုပါ အရေးယူခံရသည့် ယာဉ် ၁၀ စီး၏ နံပါတ်များကိုလည်း CNG အရောင်းဆိုင်များအားလုံးတွင် ကြေညာထားမည်ဖြစ်သည်။
ထို့ပြင် CNG ကို တရားမဝင် ပြန်လည်ရောင်းချပါကလည်း ရာသက်ပန် ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ပြီး၊ အများပြည်သူ ပို့ဆောင်ရေးအတွက် အမှန်တကယ် ပြေးဆွဲသည့် လုပ်ငန်းရှင်များကိုသာ CNG သုံးစွဲခွင့် ပေးသွားမည်ဟု သိရသည်။
(ဓာတ်ပုံ-MOI)