စီမံကိန်းကိုအကောင်အထည်ဖေါ်မှု၏ ဖြစ်နိုင်ခြေလေ့လာဆန်းစစ်ရေး ကော်မတီများ၏ သုံးသပ်ချက်အရ ထိုင်းတောင်ပိုင်း တံတား စီမံကိန်းသည် ဘောဂဗေဒနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ပြိုင်ဆိုင်နိုင်စွမ်း အလွန်နည်းပါးပြီး နိုင်ငံတော် ဘတ်ဂျက်အတွက် အန္တရာယ်ကြီးမားကြောင်း ကောက်ချက်ချခဲ့ပြီးနောက် ထိုင်းအစိုးရက အဆိုပါ စီမံကိန်းကို ဆိုင်းငံ့ထားရန် တရားဝင်ဆုံးဖြတ်လိုက်ပါသည်။
သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများ
စစ်ဆေးဆန်းစစ်မှုများအရ ပင်လယ်ရေကြောင်း ဂေဟစနစ်၊ ကမ်းရိုးတန်း ဒေသခံများ၏ လူနေမှုဘဝ၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် ဒေသတွင်း သစ်တောများအပေါ် ထိခိုက်နိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများစွာ ရှိနေကြောင်း တွေ့ရှိရသည့်အပြင် စီမံကိန်းကို ထောက်ခံသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကန့်ကွက်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများအကြား သဘောထားကွဲလွဲမှုများလည်း ဆက်လက်ရှိနေပါသည်။
ထိုင်းအစိုးရ၏ အစားထိုး အဆိုပြုချက်များ
ပုဂ္ဂလိကကဏ္ဍ အနေဖြင့် ကပ္ပလီပင်လယ်ပြင် (Andaman Sea) သို့ ထွက်ပေါက်တစ်ခု လိုအပ်နေဆဲဖြစ်သဖြင့် လက်ရှိ ရနောင်းဆိပ်ကမ်း (Ranong Port) ၏ လုပ်ဆောင်နိုင်စွမ်းကို အပြည့်အဝ အဆင့်မြှင့်တင်ရန်နှင့် တောင်ပိုင်းဆိပ်ကမ်းများကို မြောက်ပိုင်းလမ်းကြောင်းများ၊ ထို့ပြင် တရုတ်နိုင်ငံတို့နှင့် ချိတ်ဆက်နိုင်မည့် ရထားလမ်းကွန်ရက်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် အစိုးရက အဆိုပြုထားပါသည်။
ထိုင်း နိုင်ငံရေးပါတီများ၏ တုံ့ပြန်မှုများ
ဒီမိုကရက်ပါတီ (Democrat Party)
တိကျသော ဒေတာအချက်အလက်များကို အခြေခံ၍ မူဝါဒချမှတ်သည့် သင်ခန်းစာတစ်ခုအဖြစ် စီမံကိန်းဖျက်သိမ်းမှုကို ကြိုဆိုခဲ့ပြီး Southern Connect ကဲ့သို့သော အစားထိုး ဖွံ့ဖြိုးရေးစီမံကိန်းများ (အမြန်လမ်းမကြီးများ၊ မလေးရှားနှင့် ချိတ်ဆက်မည့် နှစ်လမ်းသွား ရထားလမ်းများနှင့် ရေနက်ဆိပ်ကမ်းများ အပါအဝင်) ကို အဆိုပြုခဲ့ပါသည်။
ပြည်သူ့ပါတီ (People’s Party)
တောင်ပိုင်းဒေသ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကို ကုန်ကျစရိတ် သက်သာတွက်ခြေကိုက်မှုနှင့် ပြည်သူများ ပါဝင်ဆောင်ရွက်ခွင့်တို့အပေါ် အခြေခံသင့်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ရနောင်းနှင့် ဆုန်ခလာ (Songkhla) ဆိပ်ကမ်းများကို အဆင့်မြှင့်တင်ကာ ဒေသတွင်း ရထားလမ်းကွန်ရက်များနှင့် ချိတ်ဆက်မည့် ဒေသတွင်း ကုန်စည်ပို့ဆောင်ရေး (Logistics) ဗျူဟာကို အကြံပြုခဲ့ပါသည်။
Source: ထိုင်းပီဘီအက်စ်
