ရှမ်းပြည်၊ ရှမ်းပြည်သူများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းအား မူးယစ်ဆေးဝါး၏ ဆိုးရွားသောသက်ရောက်မှုများမှကင်းဝေးစေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန် အာမခံနိုင်သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ယနေ့ ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့၌ ထုတ်ပြန်အသိပေးခဲ့သည်။
တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုတို့ကို တင်းကြပ်စွာတားမြစ်ထားစဉ် ပြင်းထန်သောထိပ်တိုက်ရင်ဆိုင်မှုများထက် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများကို ပိုမိုဦးစားပေးပြီး ဥပဒေအရအရေးယူခြင်းကို နောက်ဆုံးနည်းလမ်းအနေဖြင့်သာအသုံးပြုသည်ဟု အသိပေးခဲ့သည်။
ထို့ပြင် ဒေသခံလူထု၏ ယုံကြည်မှုနှင့် လူမှုရေး သဟ ဇာတဖြစ်မှုကိုမြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုအ တွက် အားလုံးပါဝင်နိုင်သောနေရာတစ်ခုကိုဖန်တီးပေးကာ တရားမဝင်ကွန်ရက်များတွင်ပါဝင်နေသူများအား ရေရှည်တည်တံ့ပြီး တရားဝင်သော စီးပွားရေးလုပ်ငန်းများထံ ဘေးကင်းလုံခြုံစွာကူးပြောင်းနိုင်ရန် အားပေး ကူညီသည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် ညီညွတ်သောလုပ်ဆောင်မှုများမှတစ်ဆင့် ရှမ်းပြည်၊ ရှမ်းပြည်သူများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းအား မူးယစ်ဆေးဝါး၏ ဆိုးရွားလှသောသက်ရောက်မှုများမှကင်းဝေးစေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန် အာမခံနိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ပြင် RCSS က ၂၀၂၅ နှင့် ၂၀ ၂၀၂၆ ခုနှစ်များအ တွင်း ဘိန်း(၃၉၁ ဒသမ ၉၂)ဂရမ်၊ ဘိန်းဖြူ(၁၁၀ ဒသမ ၄၃)ဂရမ်၊ စိတ်ကြွဆေးပြား(၁၂,၈၅၂,၆၁၉)ပြား၊ ပစ္စတို(၆)လက်၊ ရိုင်ဖယ်(၃)လက်၊ AK47 (၈)လက်၊ AK47 ကျည်ကပ်(၁၃)ခု၊ ကျည်ဆံမျိုးစုံ(၄၂၄)တောင့်၊ လက်ပစ်ဗုံး(၁)လုံး၊ စကားပြောစက်(၈)လုံး၊ ဖုန်း(၁၈)လုံး၊ ဆိုင်ကယ်(၂၅)စီး၊ ကား(၂)စီး၊ မူးယစ်ဆေးဝါးသယ် ဆောင်ရောင်းဝယ်သူ(၇၇)ဦးတို့ကိုဖမ်းဆီးရမိခဲ့သည်ဟု အသိပေးခဲ့သည်။
ထို့ပြင် အမျိုးသား(၅၄၂)ဦး၊ အမျိုးသမီး(၁၂)ဦးတို့ကိုလည်း ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးနိုင်ခဲ့ပြီး မူးယစ်ဆေးဝါးအသိပညာပေးလုပ်ငန်း(၂၀)ကြိမ်ပြု လုပ်ခဲ့သည်ဟုလည်း အသိပေးခဲ့သည်။
RCSS ၏ အဓိကပေါ်လစီ (၆)ချက်အနက် တစ်ချက်ဖြစ်သည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ပြဿနာများကိုဖြေရှင်းရန် နက်ရှိုင်းစွာသန္နိဋ္ဌာန်ချထားဆဲဖြစ်သည်ဟု အသိပေးခဲ့သည်။
