လက်နက်ကိုင်အဖွဲ့ဝင်များသည် ရွှေဘိုမြို့နယ်၌ ရှင်ပြုအလှူကျင်းပချိန်နှင့် ထားဝယ်မြို့နယ်ရှိ ကျေးရွာတစ်ခုအတွင်းသို့ ပစ်ခတ်တိုက်မှုများပြု လုပ်ခဲ့၍ အသက်(၉)နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဖေဖော်ဝါရီ ၁၉ ရက်က ရှင်ပြုအလှူကျင်းပချိန်တွင် လက်နက် ကိုင်အဖွဲ့ဝင်များမှ Drone ယာဉ်(၂)စီးဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံပေါ်သို့ကျရောက် ပေါက်ကွဲကာ အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး (၁၄)ဦးဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့် ထိ ခိုက်ဒဏ်ရာရသူများအား လုံခြုံရေးအဖွဲ့ဝင်များက ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ဖေဖော်ဝါရီ ၁၈ ရက်ည ၈ နာရီကလည်း လက်နက်ကိုင်အဖွဲ့ဝင်များသည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အမျိုးသမီး(၂)ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူ(၂)ဦးအား လုံခြုံ ရေးအဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
