ယခုနှစ် သရက်ရာသီတွင် ရွှေဟင်္သာသရက်သီးများ၏ အရည်အသွေး ပိုမိုကောင်းမွန်လာပြီး အထွတ်ပုံပျက်သီးများလည်း လျော့နည်းလာကြောင်း သရက်စိုက်တောင်သူများနှင့် သစ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောသည်။
သို့သော် မိုးရွာပြီးချိန်များတွင် သရက်သီးများကို ဆက်လက်ခူးဆွတ်နေမှုများရှိနေသဖြင့် ဈေးကွက်သို့ လတ်ဆတ်သန့်ရှင်းစွာ ရောက်ရှိရေးနှင့် ဈေးကောင်းရရှိရေးအတွက် ရာသီဥတုအလိုက် စနစ်တကျခူးဆွတ်ကြရန် လိုအပ်ကြောင်း ၎င်းတို့က တိုက်တွန်းထားသည်။
“မိုးစိုနေချိန်ခူးရင် သီးအရည်အသွေးကျနိုင်သလို ပုပ်သိုးတာ၊ အစက်အပြောက်ဖြစ်တာတွေလည်း များလာတတ်တယ်။ ဈေးကွက်ရောက်တဲ့အခါ လတ်ဆတ်မှုလည်း လျော့သွားနိုင်တယ်”ဟု သရက်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အထူးသဖြင့် ပြည်ပတင်ပို့မည့် သရက်သီးများအတွက် ခြောက်သွေ့သည့်ရာသီဥတုတွင် ခူးဆွတ်ခြင်း၊ ထုတ်ပိုးမှုမပြုမီ ခဏတာအအေးခံ၍ ကျင်းထားခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။
ယခုနှစ်တွင် ရွှေဟင်္သာသရက်သီးများမှာ အရည်အသွေးပိုမိုကောင်းမွန်လာသော်လည်း ပြည်တွင်းစားသုံးသူများအကြား “သရက်သီးဆို စိန်တလုံး” ဟူသည့် အမြင်များသာ အားကောင်းနေဆဲဖြစ်ကြောင်း သိရသည်။
သရက်စိုက်တောင်သူများအနေဖြင့် ရွှေဟင်္သာသရက်၏ အရသာနှင့် အရည်အသွေးကို ပြည်ပဈေးကွက်များ၊ အထူးသဖြင့် တရုတ်စားသုံးသူများထံ ပိုမိုထိုးဖောက်လိုကြောင်း သိရသည်။
